နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နယ်စပ်ဒေသလေ့လာရေးအဖွဲ့ဝင်များအား တွေ့ဆုံနှုတ်ဆက်

နေပြည်တော်၊ ဇန်နဝါရီ ၁၈
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၏ ဖိတ်ကြားချက်အရ နေပြည်တော်တွင် ရောက်ရှိနေသော နယ်စပ်ဒေသအသီးသီးမှ လေ့လာရေး အဖွဲ့များဖြစ်ကြသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ချင်းရွှေဟော်နှင့် ကုန်းကြမ်း ဒေသမှ ဒေသခံ (၃၀) ဦး၊ ကယားပြည်နယ် ဟိုယာ၊ ဘီယာဒေသမှ ဒေသခံ (၃၀) ဦး၊ ကရင်ပြည်နယ် သံတောင်ကြီး၊ ဖာပွန်ဒေသများမှ ဒေသခံ (၃၀) ဦး၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် ဟားခါးမြို့နယ်များမှ ဒေသခံ (၃၀) ဦး၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ မာန်အောင် မြို့နယ်၊ မြေပုံမြို့နယ်နှင့် ကျွန်းသာယာဒေသမှ ဒေသခံ (၃၀) ဦး၊ စုစုပေါင်း (၁၅၀) ဦးတို့အား ယနေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးမှ တာဝန်ရှိသူများနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
    အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသားလူငယ်မောင်မယ်များကို နေပြည်တော်သို့ ဖိတ်ခေါ်၍ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်နေမှု များကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်မှ ရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့၏ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည် အသုံးချနိုင်ရန်နှင့် တစ်အူထုံ့ဆင်း ညီရင်းအစ်ကို၊ မောင်ရင်းနှမများပမာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှု၊ ချစ်ခင်မှု၊ ယုံကြည်မှုတို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ ရှင်သန်ပွားများခိုင်မာလာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊  မိမိတို့အနေဖြင့် ပြည်ထောင်စု ကြီးအတွင်း အကြားအလပ်မရှိ ညီညွတ်မျှတသည့်အကျိုးကို ခံစားရရှိအောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်း၊ မတူကွဲပြားမှုများကို အခြေခံ၍ တိုင်းပြည်အင်အားရရှိအောင် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေနဲ့ ဝေးလံခေါင်သီပြီး ဆက်သွယ် သွားလာဖို့ ခက်ခဲတဲ့ နယ်စပ်ဒေသ ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည် စီမံကိန်းများ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် တည်ငြိမ်အေးချမ်းမှုရှိခြင်းနှင့် အပြန်အလှန်ဆက်နွယ်နေသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အထူးအလေးအနက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ် ဒေသတွင် နေထိုင်ကြသော ပြည်သူလူထုအနေဖြင့်လည်း တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေး လုပ်ငန်းစဉ် များတွင် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊
    ယနေ့ကမ္ဘာမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊ သုံးစွဲမှုတို့ မြင့်မားလာပြီး စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရသလို မိမိတို့နိုင်ငံအနေနှင့်လည်း မူးယစ်ဆေးဝါးပြဿနာ ကြီးမား ကျယ်ပြန့်လာတာကို အားလုံးသိရှိကြပြီးဖြစ်ပါကြောင်း၊ နယ်စပ်ဒေသနေ လူငယ်များအနေဖြင့် မူးယစ် ဆေးဝါး၏ ဆိုးကျိုးကို သိရှိနားလည်ပြီး ကိုယ်တိုင်ပါဝင် ပတ်သက်မှုမရှိကြစေရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်သဖွယ် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်သွားကြရန် မှာကြားလိုကြောင်း၊ ယခုလေ့လာရေးလာရောက်ကြသော မောင်တို့ မယ်တို့အနေဖြင့် နုပျိုလန်းဆန်း တက်ကြွနေသည့် လူငယ်လူရွယ်များဖြစ်တဲ့အပြင် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နောင်တစ်ချိန်မှာ မိမိတို့နိုင်ငံ မိမိတို့ဒေသ၏ ကြီးလေးသည့်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင် ကြမည့်သူများဖြစ်သည့်အတွက် နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် သားကောင်း သမီးမွန်များ၊ ထူးချွန်ထက်မြက်သူများဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားကြဖို့လိုကြောင်း တိုက်တွန်း မှာကြားခဲ့သည်။
    ဆက်လက်၍ အစီအစဉ်အရ လေ့လာရေးအဖွဲ့ဝင်များကိုယ်စား တိုင်းရင်းသူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပြီး လေ့လာရေးအဖွဲ့ဝင်များက ၎င်းတို့၏ ရိုးရာအကများဖြင့် ကပြဖျော်ဖြေ ခဲ့ကြကြောင်း သတင်းရရှိသည်။