မေလ ၄
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန်ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့မှ တနင်္သာရီမြို့သို့ ဆက်လက်ထွက်ခွာ၍ တနင်္သာရီမြို့နယ် ဘန်လော-ဘန်သဲ-ကျောက်မီးကျောင်း-မြန်မာအင်းတော် ကျေးရွာချင်းဆက် ၁၀ မိုင် ၁ ဖာလုံပေါ်တွင် မြေလမ်း ၂ မိုင် ဖောက်လုပ်ခြင်းနှင့် ကွန်ကရစ်တံတား ၈၀ ပေ ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ လုပ်ငန်းခွင်များတွင် သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံ အင်ဂျင်နီယာများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ အား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး အတွက် ကြပ်မတ်ဆောင်ရွက်သွားရန်၊ မြေသားလမ်းဖောက်လုပ်ရာတွင် ရေစီးရေလာ ကောင်းမွန် စေရေးအတွက် လမ်းဘေးရေမြောင်းများ ကို သတ်မှတ်ချက်အတိုင်းဖောက်လုပ်သွားရန်၊ လမ်းပုခုံး များကိုလည်း အမာခံရရှိရေးအတွက် ဆောင်ရွက်ရန်၊ တံတားများအတွက် ချဉ်းကပ်လမ်းများအား အတက်အဆင်းပြေပြစ်၍ ရေတိုက်စား မှုမဖြစ်စေရေး အထူးဂရုပြု ဆောင်ရွက်ရန်၊ မြေထိန်း နံရံများကို ခိုင်ခန့်ကောင်းမွန်အောင် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဘန်သဲကျေးရွာအုပ်စု၊ ဘန်သဲ ကျေးရွာရပ်မိရပ်ဖများ၏ သောက်သုံးရေ အခက်အခဲရှိကြောင်း တင်ပြချက်အရ တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို ကွင်းဆင်းစစ်ဆေး တင်ပြသွားရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီမြို့မှ ဘုတ်ပြင်းမြို့သို့ ထွက်ခွာ ခဲ့ပြီး ဘုတ်ပြင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ဟန်ကပြုကျေးရွာအုပ်စု၊ ဟန်ကပြု-ရွာဟေ့လူလမ်း ၃၄ မိုင်ပေါ်တွင် မြေသားလမ်းသစ် ၅ မိုင် ဖောက်လုပ်ခြင်းနှင့် ကွန်ကရစ် ၄၀ ပေ တံတား ၁ စင်း၊ ၁၀ ပေ တံတား ၂ စင်း၊ ၇၅ ပေ တံတား ၁ စင်း၊ ၇၀ ပေ တံတား ၂ စင်း၊ ၅၀ ပေ တံတား ၂ စင်း၊ ၈၀ ပေ တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့သို့ စစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးက မကြာမီ မိုးရာသီကာလ ရောက်ရှိတော့မည်ဖြစ်၍ လုပ်ငန်းများအား အရည်အသွေးပြည့်မီစွာဖြင့် အမြန်ဆုံး ပြီးစီးအောင် ဖိဖိစီးစီးဆောင်ရွက်သွားရန်နှင့် ၎င်းလမ်းပေါ်တွင် ထပ်မံဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့် မြေသားလမ်း၊ ကွန်ကရစ်လမ်း၊ တံတားနှင့် Box Culvert များကို လာမည့် ဘဏ္ဍရေးနှစ်တွင် ဆက်လက်ဆောင်ရွက်နိုင်ရေး သေချာစွာ ကွင်းဆင်းစစ်ဆေးတင်ပြရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဘုတ်ပြင်းမြို့မှ ကော့သောင်းမြို့သို့ မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ ကော့သောင်းမြို့မှ ဇာဒက်ကြီးကျွန်းသို့ ရေယာဉ်ဖြင့် လည်းကောင်း ဆက်လက်ထွက်ခွာခဲ့ပြီး ဇာဒက်ကြီးကျွန်းရှိ ဓမ္မိကရာမတပ်ဦးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များအား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ဇာဒက်ကြီးကျွန်းပေါ်ရှိ အသက် ၇၀ နှင့်အထက် ဆလုံလူမျိုး အဘိုး၊ အဖွား ၄၇ ဦးအတွက် ဆန်၊ ဆီ၊ ဆား စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဇာဒက်ကြီးအထကရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ အဖြူအစိမ်းနှင့် ဗလာစာအုပ်များကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဇာဒက်ကြီးကျွန်းပတ်လမ်း ၆၆ မိုင်ပေါ် တွင် ကျောက်လမ်း ၂ မိုင်နှင့် ကွန်ကရစ်လမ်း ၁ မိုင် ၄ ဖာလုံခင်းခြင်း၊ ကွန်ကရစ်တံတား ၁၀၀ ပေ ၁ စင်း၊ ၅ ပေ Box Culvert ၂၆ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လမ်းများရေရှည်ခိုင်ခန့်ကောင်းမွန်စေရေးအတွက် လမ်းပေါ်တွင် ရေမတင် စေရန်နှင့် လမ်းဘေးရေမြောင်းများအား ရေဆင်းကောင်းအောင်ပြုလုပ်ရန်၊ တံတားချဉ်းကပ်လမ်း များကို အလွှာလိုက်ကြိတ်၍ ခိုင်ခံအောင်ဆောင်ရွက်ရန်၊ မြေထိန်းနံရံများကို လိုအပ်ပါက တိုးချဲ့ ဆောင်ရွက်ရန်၊ လုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် သတ်မှတ် စံချိန်စံညွှန်း အရည်အသွေး ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး လုပ်ငန်းအခက်အခဲများ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဒေသခံပြည်သူများအတွက် ထိရောက်ပြီး အကျိုးရှိသည့် လုပ်ငန်းများ ဖြစ်စေရေး စနစ်တကျစိစစ်တင်ပြ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သင်တန်း နည်းပြများအနေဖြင့် သင်တန်းသူများကို ဘာသာရပ်အလိုက် ကျွမ်းကျင်စွာ သင်ကြားနိုင်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရေးတို့အတွက် မိမိတို့ကိုယ်တိုင် စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးရန် အသိ၊ အမြင်၊ ဗဟုသုတကြွယ်ဝရန်နှင့် အတွေးအခေါ်၊ အယူအဆမှန်ကန်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းကောင်းများဖြစ်သည်အားလျော်စွာ ရိုးသားမှု၊ စနစ်တကျ နေထိုင်တတ်မှု၊ ကြိုးစားလိုစိတ်၊ အချင်းချင်း အထက်အောက် ရိုသေလေးစားပြီး စည်းလုံးညီညွှတ်စွာဖြင့် နေထိုင်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများ အတွက် တူညီဝတ်စုံများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းနှင့် ကော့သောင်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအတွင်းရှိ ဝန်ထမ်း အိမ်ရာများ၊ စားရိပ်သာများ လက်ရှိဘဏ္ဍာနှစ်တွင် တည်ဆောက်လျက်ရှိသည့် မော်တာအပ်ချုပ်စက် သင်တန်းဆောင် တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ပေါင်းစပ်ဖြည်းဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းတံတားလုပ်ငန်းများ၊ အိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်းများ၊ ရေရရှိခြင်းလုပ်ငန်းများ စသည့်လုပ်ငန်းအရေအတွက် စုစုပေါင်း ၅၀ ကို ရန်ပုံငွေကျပ် ၅၀၂၄ ဒဿမ ၄၂၃ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းများအားလုံး သတ်မှတ် ဘဏ္ဍာရေးနှစ်ကာလအတွင်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား ဆက်လက်ကြည့်ရှုစစ်ဆေး
Post Paragraph
Paragraph Images
video-upload