နယ်စပ်ရေးရာဝန်ကြီးဌာန ပဥ္စမအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်

ဖေဖော်ဝါရီလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန ပဥ္စမအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ယနေ့ ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင်အသင်းများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပ ပြုလုပ်သော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲမှာ ၁၂ လရာသီပွဲတော်များ၌ စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရသည့် ထူးခြားသော ရိုးရာပွဲတစ်ခုဖြစ်ပါကြောင်းနှင့် မည်သည့် အရာကိုမဆို စည်းလုံးညီညွတ်မှု၊ ကိုယ်စီတာဝန်ယူ ဆောင်ရွက်မှုတို့ဖြင့် ကျော်ဖြတ်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ စည်းလုံးပျော်ရွှင်စွာ အတူတကွ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် အလေ့အထကောင်းများရရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကျရာတာဝန်များကို အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြရန် နှင့် ပြိုင်ပွဲဝင်အသင်း များအနေဖြင့် စိတ်အားထက်သန်စွာ စည်းစည်းလုံးလုံး တက်တက်ကြွကြွ ယှဉ်ပြိုင်သွားကြရန် မှာကြားခဲ့ပါသည်။ 
    ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ ပြိုင်ပွဲဝင် အသင်းများ၏ မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း တပျော်တပါး အားကြိုးမာန်တက် ထမနဲထိုးယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကာ ဝန်ထမ်းများကလည်း အိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့် ပျော်ရွှင်စွာဖြင့် အားပေးခဲ့ကြပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload