နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အဋ္ဌမအကြိမ် မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော်  နိုဝင်ဘာ ၁၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အဋ္ဌမအကြိမ် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး၊ ဝန်ထမ်းမိသားစုများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မဟာလယ်တီစံ ကျောင်းတိုက် ပဓာနနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တဣန္ဒာဝုမထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် သံဃာတော် အရှင်သူမြတ်တို့က ချီးမြှင့်သော ပရိတ်တရားတော်တို့ကို နာကြားကြသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းမိသားစုများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော် သံဃာတော်တို့ထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
    ယင်းနောက် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မဟာလယ်တီစံ ကျောင်းတိုက် ပဓာနနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တဣန္ဒာဝုမထေရ်မြတ် ချီးမြှင့်သော ကထိန်အနုမောဒနာတရားတော်ကို နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်သံဃာတော်များနှင့် ပရိသတ်အားလုံးမှ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
    ထို့နောက် သံဃာတော်အရှင်သူမြတ် (၁၈) ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။