နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒွါဒသမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် နိုဝင်ဘာလ ၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်ဇနီး တို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဒွါဒသမအကြိမ် ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
    ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နေပြည် တော်၊ ပျဥ်းမနားမြို့နယ်၊ စျေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တစန္ဒောဘာသထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့က ချီးမြှင့်သော    ပရိတ်တရားတော်တို့ကို နာကြားကြသည်။ ထို့နောက် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဗိုလ်ချုပ်ဖြိုးသန့်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ် နှင့်ဇနီး၊ ဝန်ထမ်းမိသားစုများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်၊ သံဃာတော်တို့ထံ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
    ယင်းနောက် စျေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ကထိန် အနုမောဒနာ တရားတော်များ နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော်၊ သံဃာတော်များနှင့် ပရိသတ်များမှ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
   ယနေ့ကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒွါဒသမအကြိမ် မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနား၌ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၏ ယနေ့လှူဒါန်းမှု တန်ဖိုးမှာ ငွေကျပ် ၂၇,၂၆၈,၆၀၀ (ကျပ် နှစ်ဆယ့်ခုနှစ်သန်း နှစ်သိန်း ခြောက်သောင်း ရှစ်ထောင် ခြောက်ရာတိတိ) ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

Post Paragraph