နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဧကာဒသမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော် ဇူလိုင်လ ၁၇ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ဇနီး ဒေါ်ခင်ခင်မင်းတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုတို့၏ ဧကာဒသမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။ 
    ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် အခမ်းအနားတက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက    နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
    ထို့နောက် ဆရာတော်၊ သံဃာတော်များထံ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဇနီး ဒေါ်ခင်ခင်မင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး နှင့်ဇနီး၊ ဗိုလ်ချုပ် ဖြိုးသန့်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ထမ်းမိသားစုများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားတော်များ နာကြား၍ ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကြောင်း သတင်းရရှိပါသည်။ 
 

Post Paragraph