နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂
          နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အား ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများမှ ဦးစီးဥက္ကဋ္ဌများနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    အစည်းအဝေး အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်မှ အဖွင့် အမှာစကားပြောကြားခဲ့ရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များ ပြန်လည်သုံးသပ် ညှိနှိုင်းဆွေးနွေးနိုင်ရန်၊ ၂၀၁၈-၂၀၁၉ (၆) လပတ် ပြည်ထောင်စုရန်ပုံငွေ ခွင့်ပြုလုပ်ငန်းနှင့် တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေ ခွင့်ပြုလုပ်ငန်းများ ဆက်စပ်မှုရှိရှိ ဆောင်ရွက်နိုင်စေရန်နှင့် လုပ်ငန်းထပ်နေတာမျိုးမရှိစေရန်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများသည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် တိုက်ရိုက် ပတ်သက်မှု ရှိသဖြင့် ပွင့်လင်းမြင်သာမှု၊ နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု၊ တာဝန်ယူမှု တာဝန်ခံမှုများဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများ၊ တွေ့ကြုံရသည့် အခက်အခဲ စိန်ခေါ်မှုများကို ရှင်းလင်းဆွေးနွေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ယနေ့အစည်းအဝေးကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းမှာကြားပါသည်။
    ဆက်လက်၍ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် မူဝါဒ (၄) ရပ် ချမှတ်ထားရှိပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ပြဌာန်းပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပင်မစီမံကိန်းများ၊ နှစ်ရှည်/နှစ်တို စီမံကိန်းများရေးဆွဲပြီး အကောင်အထည်ဖော် လျက်ရှိကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ်စနစ်ကို အခြေခံသော ဒီမိုကရေစီ နိုင်ငံတော်ထူထောင်ရာတွင် တိုင်းရင်းသားတစ်ဦးနှင့် တစ်ဦး သံသယမထားဘဲ ယုံကြည်မှု အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ အားလုံး စည်းလုံးညီညွတ်စေရေး ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရင့်ကျက်စေရေးအတွက် တစ်နိုင်ငံလုံး အကြားအလပ်မရှိ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီး ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း မှာကြားခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးက ဆက်လက်မှာကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ကျင်းပသည့် မြန်မာ့ ဒီမိုကရေစီကူပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ခွဲကြည့်၍ မရပါကြောင်း၊ ငြိမ်းချမ်းရေးမရလျင် ဖွံ့ဖြိုးရေးသည်လည်း တည်တံ့ ခိုင်မြဲနိုင်မည် မဟုတ်ပါကြောင်း၊ ဖွံ့ဖြိုးမှုမရှိလျှင် ငြိမ်းချမ်းရေးသည်လည်း တည်တံ့ခိုင်မြဲနိုင်မည် မဟုတ်ပါကြောင်း၊ ထိုနှစ်ခုစလုံးအတွက် ကြိုးစားရန် လိုအပ်ပါကြောင်း” ပြောကြားခဲ့သလို ၂၀၁၈ ခုနှစ် မတ် (၂၇) ရက်နေ့ (၇၃) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် တိုင်းရင်းသားလူမျိုးများ နေထိုင်သည့် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးကြောင်း၊ ယခင် တပ်မတော်အစိုးရလက်ထက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဝင် ဒေသ ၂၂ ခုသတ်မှတ်ပြီး တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခဲ့ရာ တိုင်းရင်းသား များနေထိုင်ရာဒေသများသည် ပိုမိုဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ လက်ရှိကာလတွင်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများ ဖွင့်လှစ်ပြီး ဆောင်ရွက် ပေးလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရှိန်အဟုန် မကျသွားအောင် အလေးထား ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း” လမ်းညွှန်မှာကြား ခဲ့သဖြင့် နိုင်ငံတော်၏ အန္တိမ ရည်မှန်းချက်ဖြစ်သော ထာဝရငြိမ်းချမ်းရေးရရှိရေး၊ နယ်စပ်ဒေသ များအပါအဝင် တစ်နိုင်ငံလုံး၌ တည်ငြိမ်အေးချမ်းရေးနှင့် အကြားအလပ်မရှိ တစ်ပြေးညီ ဖွံ့ဖြိုးရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များသည် အရေးကြီးသည့် ကဏ္ဍ တစ်ခုဖြစ်ပါသဖြင့်  တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်း များ ခွင့်ပြုရန်ပုံငွေနှင့် အညီ အရည်အသွေး၊ စံချိန်စံညွှန်းများ ကိုက်ညီစေရေး စစ်ဆေးကြပ်မတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။
    ထို့နောက် အစီအစဉ်အရ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် များက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆောင်ရွက်ကြ မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ များက မိမိတို့ ဒေသအလိုက် ဆောင်ရွက်ကြမည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လိုအပ်ချက် များ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ပါသည်။
    ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများမှ ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ပေးရာတွင် လိုက်နာသင့်သည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။