
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့ သော နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်း နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉) ကို စက်တင်ဘာလ (၁၂/၁၃) ရက်နေ့များတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း သတ်မှတ် စံချိန်စံညွှန်း နှင့်အညီ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၊ ပြုပြင်ရန်လိုအပ်ချက်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေများဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ Overlap မဖြစ်စေရေး၊ အချိတ်အဆက်ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရေး၊ ဌာနမှ ဆောင်ရွက်သည့် လုပ်ငန်းများသည် ဒေသအတွက် အမှန်တကယ်အကျိုးရှိသည့် လုပ်ငန်းများဖြစ်စေရေး၊ သွက်လက် မှန်ကန်မြန်ဆန်ပြီး စနစ်တကျ ဖြစ်စေရေးအတွက် အကြံကောင်း၊ ဉာဏ်ကောင်းများ ဖြင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆွေးနွေး တင်ပြကြရန်ဖြစ်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ ချမှတ်၍ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲပြီး လုပ်ငန်းများကို Myanmar Sustainable Development Plan ၊ Project Bank တို့ဖြင့် ချိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်ထောင်စုတစ်ဝန်းလုံး နယ်စပ် ဒေသ၊ ပြည်မအကြား ဖွံ့ဖြိုးမှုကွာဟချက်မရှိစေဘဲ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရေရှည် တည်တံ့စေရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်နေ ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေခွင့်ပြုဝင်ဆံ့မှု ဘောင်အတွင်းမှ ခွဲဝေရရှိ သည့် ရန်ပုံငွေနှင့် ဘတ်ဂျက်ကိုအခြေခံသည့် လုပ်ငန်းစီမံကိန်းများကို ရေးဆွဲရာတွင် နိုင်ငံ နှင့်ပြည်သူ အကျိုးရှိစေမည့်လုပ်ငန်း၊ ပကတိလိုအပ်ချက်နှင့် ကိုက်ညီသည့်လုပ်ငန်းများကို ဦးစားပေးအလိုက် ရွေးချယ်သတ်မှတ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြ အတည်ပြုချက်ရယူ၍ ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစ၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူလူထုများက စီမံကိန်း လုပ်ငန်းများ အဆိုပြုတင်ပြရာတွင် ပိုမို၍ စနစ်တကျရှိစေရေး၊ ပွင့်လင်းမြင်သာမှု ရှိစေရေး၊ စာရင်းအင်း၊ ကိန်းဂဏန်း၊ အချက်အလက်များ ပြည့်စုံတိကျမှန်ကန်မှု ရှိစေရေး၊ စိန်ခေါ်မှုများ လျော့နည်းစေရေး၊ လုပ်ငန်းတင်ပြတောင်းခံသူများက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေပြီး လုပ်ငန်း အရည်အသွေး ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး၊ ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်စေရေး၊ မှတ်တမ်းထိန်းသိမ်းမှု အပိုင်းတွင် ပိုမိုအားကောင်းလာစေရေး ရည်ရွယ်၍ စီမံကိန်းအဆိုပြုလွှာများကို သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ အသီးသီးထံသို့ ဖြန့်ဝေပေးပို့ထားပြီးဖြစ်သည့်အပြင် မိမိတို့၏ ဝန်ကြီးဌာန Website ဖြစ်သည့် www.moba.gov.mm တွင် ထည့်သွင်း ဖော်ပြထားပါကြောင်း။
နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသည့် ခက်မ သုံးဖြာအနက် အုပ်ချုပ်ရေးမဏ္ဍိုင်၏ အဓိကဒေါက်တိုင်မှာ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အရည်အချင်းပြည့်ဝမှု၊ ကြိုးစားအားထုတ်မှု၊ ကျင့်ဝတ်နှင့် သစ္စာစောင့်သိမှု များသည် Good Governance အားကောင်းစေခြင်း၏ အဓိကအချက်များ ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအတွက်လည်း နိုင်ငံတော်က ထိုက်သင့်သော လစာစရိတ်၊ အိမ်ရာ၊ သက်သာ ချောင်ချိရေး၊ အခြားသော ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဖော်ဆောင်ပေးထား ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်ခြင်း၊ မိမိတို့၏ နဂိုရှိရင်းစွဲ အရည်အသွေးများအပြင် ရိုးသားမှု (Honesty)၊ တာဝန်ယူမှု (Responsibility)၊ တာဝန်ခံမှု (Accountability)၊ ယုံကြည်ကိုးစားနိုင်မှု (Creditability)၊ လုပ်ကိုင်နိုင်စွမ်းရှိမှု (Efficiency)၊ သုံးသပ်နိုင်မှု (Assessment)၊ အနာဂတ်အမြင် (Vision) စသည့် ခေါင်းဆောင်ကောင်းတစ်ဦး၏ အရည်အသွေး များဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို အဂတိတရား ကင်းကင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တာဝန်ရှိသူများ အနေဖြင့် Standard Operating Procedure (SOP) နှင့်အညီ ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်း၊ ပျက်စီးဆုံးရှုံးမှုများကို စနစ်တကျ စိစစ်၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ တစ်ဆင့် ပြည်ထောင်စုအစိုရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်၊ မူဝါဒများ နှင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် အားသာချက်၊ အားနည်းချက်၊ ရှေ့ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်မည့် အစီအမံများကို အသီးသီး ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ် ရေးမှူးများ၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း) ကျောင်းအုပ်ကြီးများ နှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးခဲ့သည့် လုပ်ငန်းအခြေအနေများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည့် အစီအမံများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။