နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၁၈) ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ အောက်တိုဘာ ၁၅    
    နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ(၁၂)လတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နယ်စပ်ဒေသရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၁၈)ကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
    အခြေအနေ အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်နေခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ နယ်စပ်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ခေတ် အဆက်ဆက် အစိုးရများအနေဖြင့် အထူးအလေးထား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ယနေ့လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တပ်မတော်၊ ပြည်သူလူထု၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
    မိမိတို့ဝန်ကြီးဌာနအနေဖြင့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များချမှတ်ပြီး အဆိုပါလုပ်ငန်း များကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှု၊ ဥပဒေလုပ်ထုံးလုပ်နည်း၊ စည်းကမ်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ် ဒေသနှင့် ပြည်မအကြားရှိ ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းပြီး တစ်နိုင်ငံလုံး တပြေးညီဖွံ့ဖြိုး တိုးတက်စေရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဖြစ်စေရေးအတွက် အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ (Infrastructure)များ ဆောင်ရွက်နေသလို ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဆင့်မြင့်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍ၊ သက်မွေးပညာကဏ္ဍစတဲ့ ကဏ္ဍ(၃)ခုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
     မကြာမီ ကာလတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်းများကိုလည်း တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့မှာ ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) နဲ့"အစိုးရဌာန၊ အဖွဲ့အစည်းများ၏  တည်ဆောက်ခြင်း၊     ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း၊  ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါ လုပ်ထုံးလုပ်နည်း"ကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးရဲ့ ခွင့်ပြုချက်အရ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ"ကန်ထရိုက်စနစ်ဖြင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်" ကိုလည်းကောင်း ထုတ်ပြန်ထားရှိခဲ့ပြီး ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မိမိတို့ ဝန်ကြီးဌာနအနေနဲ့  တင်ဒါ ခေါ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အဆိုပါ ညွှန်ကြားချက်၊ လုပ်ငန်းလမ်းညွှန်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ တင်ဒါ စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊
တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင်  အဂတိတရားကင်းစွာဖြင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူအားလုံးနှင့် တည်ဆောက်ရေးလုပ်ငန်းရှင်များအတွက် ပွင့်လင်းမြင်သာစွာ Transparency ရှိရှိ ပြုမူပြောဆို လုပ်ကိုင်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ အပြုအမူ၊ အပြောအဆိုများကို သတိထားပြီး လုပ်ငန်းတာဝန်များ အမှားအယွင်းမရှိစေရေး၊ အများအမြင် ယုံမှားသံသယမရှိစေရေး အပြန်အလှန်  ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ထိုက်သင့်တဲ့ လစာနဲ့စရိတ်၊ နေစရာ ဝန်ထမ်းအိမ်ရာ၊ အကြိုအပို့မော်တော်ယာဉ်၊ အခါအားလျော်စွာ ကျန်းမာရေးနဲ့  သာရေး၊ နာရေး ထောက်ပံ့ပေးမှုများ၊ အရည်အချင်းပေါ်မူတည်၍ ရာထူးတိုးမြှင့်ပေးခြင်း၊ ပြည်ပ လေ့လာရေး/သင်တန်းများ စေလွှတ်ပေးခြင်းစသည်ဖြင့် ဝန်ထမ်းများ ရသင့်ရထိုက်တဲ့ အခွင့်အရေး များကို ပြည့်ပြည့်ဝဝ ရရှိအောင် စီမံဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ပြီး မိမိတို့၏လုပ်ငန်းများကို အောင်မြင်အောင် အဂတိတရားကင်းစွာဖြင့်  ဆောင်ရွက်ရန် လိုအပ်မှာ ဖြစ်ပါကြောင်း၊
     ကျင့်ဝတ်သိက္ခာ ပြည့်စုံခြင်း၊ ဘက်လိုက်မှု ကင်းရှင်းခြင်း၊ တာဝန်ခံမှုရှိခြင်း စသည့် အခြေခံ မူများအပေါ် တည်ဆောက်ထားသည့်၊ လုပ်ရည်ကိုင်ရည်နှင့် ယုံကြည်ချက် ခိုင်မာမှုရှိသည့် ပြည်သူ့ ဝန်ထမ်းများသည် ကောင်းမွန်သော ဒီမိုကရေစီကျင့်စဉ်၏ ကျောရိုးမဏ္ဍိုင် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်  ဝန်ထမ်းတစ်ဦးချင်းရဲ့ ရပိုင်ခွင့်များကို သိရှိဖို့လိုသလို ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ၊ လိုက်နာရမည့် ကျင့်ဝတ်၊ စောင့်ထိန်းရမည့် စည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာသွားဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊
    ယနေ့အစည်းအဝေးသို့ တက်ရောက်လာသည့် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးအဆင့်များသည် အလယ်အလတ်အဆင့် အရာထမ်းများဖြစ်ပြီး တစ်နည်းအားဖြင့် အထက်အဆင့်နှင့် အောက်အဆင့်များကို ပေါင်းကူးချိတ်ဆက်ပေးရသူများ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် အထက်အကြီးအကဲများ၏ မူဝါဒ၊ ဦးတည်ချက်၊ ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်များကို   နားလည်သိရှိရန်လိုအပ်ပြီး ဦးစီးအရာရှိနှင့် လက်အောက်အမှုထမ်းများကိုလည်း ကြီးကြပ်ကွပ်ကဲရသည့်အတွက် ဝန်ကြီးဌာန၏ အလွန်အရေးပါသော ရာထူး အဆင့်ဝန်ထမ်းများဖြစ် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ပြောဆိုဆွေးနွေးခဲ့သည့် မိမိဝန်ကြီးဌာန၏ တာဝန်များနှင့် လိုက်နာရမည့် ကျင့်ဝတ်များ၊ တင်ဒါခေါ်ယူရေး လုပ်ငန်းများနှင့်ပတ်သက်သည့် ညွှန်ကြားချက်များကို ထပ်ဆင့် ညွှန်ကြား ကြပ်မတ်ဆောင်ရွက်သွားရေး မှာကြားလိုပါကြောင်း၊
    ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ယခင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် အားနည်းချက်၊ အားသာချက်များ၊ တည်ဆောက်ရေးလုပ်ငန်းများ လျာထားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လည်းကောင်း၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်၊ မူဝါဒများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။
     အစီအစဉ်အရ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/ စစ်ကိုင်း) ကျောင်းအုပ်ကြီးများနှင့် တက်ရောက်လာသူများက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆)လ အတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍညရေးနှစ် ဒုတိယ (၁၂)လအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအမံများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပိုမိုအကျိုးရှိ ထိရောက်စေရေးအတွက် ထပ်မံ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ၊ နယ်စပ်ဒေသရှိ လူငယ်များ၏ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အစီအမံများရေးဆွဲ၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။