နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆိုင်ရာ ONLINE အစည်းအဝေးကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆိုင်ရာ Online အစည်း အ‌ဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ဝန်ကြီးရုံးအစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖုန်းမြတ်၊ ညွှန်ကြား‌ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း/တံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေ/ သောက်သုံးရေရရှိရေး၊ မီးလင်းရေးစသည့် တည်‌ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်၊ လွှတ်တော်ကတိကဝတ်၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ တောင်းဆိုချက်များ၊ ‌ဒေသခံပြည်သူများ၏ တင်ပြချက်၊ မိမိတို့၏နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများအရ လည်းကောင်း၊ MSDP နှင့် ချိတ်ဆက်၍ လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် သာမက မိတ်ဖက်နိုင်ငံများ၏ ထောက်ပံ့ကူညီမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် လတ်တလော ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကပ်ရောဂါ အခြေအနေများ အရ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနများက ထုတ်ပြန်ထားရှိသည့် ကြိုတင် ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ တုံ့ပြန်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာပြီး မိမိတို့၏ မူလရည်မှန်းချက် တာဝန်များကိုလည်း အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက် များ၊ သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ဆောလျင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ကိုဗစ်-၁၉ ဆိုသည့် ကန့်သတ်ချက် ရှိခဲ့သော်လည်း ဒေသဖွံဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေနှင့် အချိုးညီသည့် သတ်မှတ် အရည်အသွေး၊ စံချိန် စံညွှန်း၊ သတ်မှတ်ကာလအတွင်း ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရပါကြောင်း။
ထို့အတူ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ တင်ဒါလုပ်ငန်းစဉ်များကိုလည်း မကြာမီ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စတင်သည်နှင့် တစ်ပြိုင်နက် လုပ်ငန်းဆောင်ရွက်ချိန် ပိုမိုရရှိရေး၊ ပွင့်လင်းရာသီအမီ ဆောင်ရွက်နိုင်ရေး စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်/ တိုင်းဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများအနေဖြင့် ယခင်နှစ်လုပ်ငန်း အတွေ့အကြုံများအပေါ် အခြေခံ၍ တည်ဆောက်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်သည်ထက် ပြည့်စုံကောင်းမွန်စေရန် အကြံပြု တင်ပြချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဒေသအသီးသီး၌ အကောင်အထည် ဖော်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း မည်သည့် အကန့်အသတ် အတားအဆီးမျိုးကို မဆို ဥပမာ၊ ကိုဗစ်-၁၉၊ ရာသီဥတုဖောက်ပြန်မှု အစရှိသည့် အတားအဆီးများကို ကျော်လွှား ဆောင်ရွက်သွားနိုင်ရေး၊ ခေတ်မီနည်းပညာများအပါအဝင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက် ထားကြရန်ဖြစ်ကြောင်း၊ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ပြည်နယ်/ တိုင်းဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများအနေဖြင့် မိမိအပါအဝင် မိမိကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းအားလုံးကို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဝန်ထမ်းဥပ‌ဒေများ၊ စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာရေး၊ အဂတိတရားကင်းရှင်းရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ အသိ/သတိရှိစေရေး၊ လက်အောက်ငယ်သားများ၏ သက်သာချောင်ချိရေး၊ သာရေး၊ နာရေး ကိစ္စရပ်များကို တာဝန်ရှိသူများက မျက်ခြေမပြတ် လေ့လာသုံးသပ်ပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးရန် လိုကြောင်း မှာကြားသည်။
ယင်းနောက် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများက ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများအပေါ် စစ်ဆေးရေးအဖွဲ့ အဆင့်ဆင့်၏ စစ်ဆေးအကြံပြုချက်များ လိုက်နာဆောင် ရွက်ပြီးစီးမှု၊ ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နေမှုများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုအခြေအနေများကို ဒေသအလိုက် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများ ကြီးကြပ်စစ်ဆေးရန် အခက်အခဲရှိသော အချိန်များတွင် နယ်မြေတွင်ရှိသော ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများအပါအဝင် ခရိုင်၊ မြို့နယ်အဆင့်ဆင့်မှ တာဝန်ရှိသူများက ပိုမိုအထူးဂရုပြု အပင်ပန်းခံအလေးထား ကြီးကြပ်ဆောင်ရွက်သွားကြရန်၊ မိမိတာဝန်ယူထားသည့် အလုပ်ကို စိတ်အား ထက်သန်စွာဖြင့် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် လုပ်ငန်းများကို အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အောင်မြင်အောင် ကြပ်ကြပ်မတ်မတ် တွန်းတွန်းတိုက်တိုက် ‌ဆောင်ရွက်သွားကြရန်၊ Covid-19 လက်ရှိအခြေအနေအရ ယခင် ပထမအကြိမ် ဖြစ်စဉ်တွေထက် ပိုးတွေ့ရှိသူ၊ သေဆုံးသူများ ပိုတိုးလာသဖြင့် ပိုမိုသတိထား ပိုမိုဂရုစိုက်ကြရန်၊ ဌာနတွင်းဝန်ထမ်းများ အားလုံး အထက်/ အောက် ရိုသေလေးစားမှု၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှု၊ ကူညီရိုင်းပင်းမှု၊ ပွင့်လင်းမြင်သာမှု၊ နားလည်မှုများဖြင့် ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားကြရန် မှာကြားသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် မြေလမ်း ၂၂၅ မိုင် ၇ ဖာလုံ၊ ကျောက်လမ်း ၂၃၅ မိုင် ၂ ဖာလုံ၊ ကတ္တရာလမ်း ၂၂ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၅ မိုင် ၄ ဖာလုံ၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း ၁၅၅ မိုင် ၂ ဖာလုံ၊ ဂဝံ/ဗြုန်းကျောက်ခင်းလမ်း ၃၁ မိုင်၊ တံတား ၉၄၃ စင်းတို့ကို စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် (၈၅ ဒသမ ၄၄) ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။