နေပြည်တော် ဇန်နဝါရီ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကို ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ ဦးစီးဥက္ကဋ္ဌများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များ ပြန်လည်သုံးသပ်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲ ကောင်းမွန်စေရေးအတွက် မဖြစ်မနေ ထပ်မံဆောင်ရွက်သင့်သည့် ဖြည့်စွက်လုပ်ငန်းများကို အကြံပြု တင်ပြကြရန်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထားရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ ဆက်စပ်ဆောင်ရွက်နိုင်စေရန်၊ စီမံကိန်းလုပ်ငန်းများ Overlab မဖြစ်စေရန်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ဘတ်ဂျက်များဖြင့် ဆောင်ရွက်ရာတွင် လုပ်ငန်းများ ဆက်စပ်နေပါသဖြင့် ပွင့်လင်းမြင်သာမှု၊ မိမိတို့အချင်းချင်း အပြန်အလှန်နားလည်ယုံကြည်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများကြောင့် ရရှိ လာသည့် အကျိုးကျေးဇူးများ၊ တွေ့ကြုံရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ရှင်းလင်း ဆွေးနွေးတင်ပြနိုင်ရန် ရည်ရွယ်၍ ယနေ့အစည်းအဝေးကို ခေါ်ယူကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်း စဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မူဝါဒ (၄) ရပ်၊ ရည်မှန်းချက် (၇) ရပ်၊ လုပ်ငန်းစဉ် (၁၈) ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုလည်း ဒုတိယအကြိမ် ပြင်ဆင်ပြဌာန်းထားပြီး ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပင်မစီမံကိန်းများ၊ နှစ်ရှည်/နှစ်တိုစီမံကိန်းများ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်ကဏ္ဍပေါင်းစုံ တိုးတက်မြင့်မားကောင်းမွန်လာအောင် ကြိုးပမ်း အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ဒေသများအားလုံး အကြားအလပ်မရှိ၊ ရေခြားမြေခြားမရှိ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနကလည်း နိုင်ငံတော်အကြီး အကဲများ၏ လမ်းညွှန်ချက်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြတောင်းဆိုချက်၊ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ တင်ပြတောင်းဆိုချက်၊ ဒေသခံပြည်သူလူထု၏ တောင်းဆိုလိုလားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အစီအစဉ်အရ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ခွင့်ပြုရန်ပုံငွေအပေါ် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသီးသီးသို့ ခွဲဝေခွင့်ပြုခဲ့သည့် ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများက မိမိတို့ ဒေသအလိုက် ဆောင်ရွက်နေကြသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ယင်းလုပ်ငန်းများ ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် မဖြစ်မနေ ထပ်မံဖြည့်စွက်ပေးရန် လိုအပ်သည့်လုပ်ငန်းများ၊ ဒေသခံ ပြည်သူလူထု၏ ဆန္ဒလိုအပ်ချက်များနှင့်အညီ ထပ်မံဆောင်ရွက်ရန် လိုအပ်သည့် လမ်း၊ တံတား၊ Box Culvert၊ စိမ့်စမ်းရေသွယ်ယူခြင်း၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ခြင်း၊ ဆိုလာမီးလင်းရေး စသည့် ဆောင်ရွက်လိုသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်နေသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့များက ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ပေးနေမှု၊ သတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ ဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေကြားရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်တို့ ပူးပေါင်းညှိနှိုင်းပေါင်းစပ်၍ ဖြေကြားခဲ့သော ကိစ္စရပ်များ၊ ဘိန်းအစားထိုး ဖွံ့ဖြိုးရေးရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က သက်ဆိုင်ရာ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးများ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။