နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) ကန် (၁၀၀) စီမံကိန်း

နေပြည်တော်၊ ဇွန်လ ၁၃ ရက်
     နိုင်ငံတော်အစိုးရမှ ပြည်သူလူထုများ၏ အခြေခံလိုအပ်ချက်များကို အချိန်တိုတိုအတွင်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရက် (၁၀၀) စီမံကိန်းအား အရှိန်အဟုန်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ပေးနေသကဲ့သို့ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့်လည်း ရက် (၁၀၀) ကန် (၁၀၀) စီမံကိန်းအား နိုင်ငံတော်အကြီးအကဲများ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဒေသခံပြည်သူလူထု၏ တင်ပြချက်များအပေါ် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်၍ အမှန်တကယ် လိုအပ်ချက်ရှိသည့် နေရာများကို လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
     အဆိုပါ လုပ်ငန်းစဉ်များအနက်မှ တစ်ခုဖြစ်သော မြန်မာနိုင်ငံ ဒေသအသီးသီးမှာ ဖြစ်ပေါ်ခဲ့ သည့် ရာသီဥတုအခြေအနေများကြောင့် နယ်စပ်ဒေသများရှိ ကျေးရွာအချို့၌ သောက်သုံးရေ၊ စိုက်ပျိုးရေများ ရှားပါးလျက်ရှိသည့်အတွက် မိုးရာသီအတွင်း ရေစုဆောင်းနိုင်ရန် ရည်ရွယ်ပြီး အဆိုပါ ဒေသများတွင်ရှိသည့် ရေကန်များ ပြင်ဆင်တူးဖော်ခြင်းနှင့် အသစ်တူးဖော်ခြင်းလုပ်ငန်း များအား စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနပိုင် ယာဉ်/ယန္တရား များဖြင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါ သည်။
     နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) ကန် (၁၀၀) စီမံကိန်းတွင် ပါဝင်သည့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ရေကန် (၁၀၀) ကို ဒေသခံပြည်သူလူထု၏ တင်ပြချက်နှင့်အညီ အသစ်တူးဖော် ခြင်းနှင့် ပြင်ဆင်တူးဖော်ခြင်း လုပ်ငန်းများအပြင် ကျန်းမာရေးအတွက် တိရစ္ဆာန်များ ဝင်ရောက်မှု မရှိစေရန် ခြံစည်းရိုးကာရံခြင်း၊ ရေတုံကင်များ တပ်ဆင်ခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်ပေး လျက်ရှိပါသည်။
     ဝန်ကြီးဌာနအနေဖြင့် ရေချိုရရှိရေးအတွက် အမှန်တကယ်လိုအပ်လျက်ရှိသည့် ဒေသများ ဖြစ်သော ရခိုင်ပြည်နယ်တွင် (၇၂) ကန်၊ ကယားပြည်နယ်တွင် (၃) ကန်၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် (၅) ကန်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် (၈) ကန်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈) ကန်၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၁) ကန်၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၃) ကန်၊  စုစုပေါင်း ရေကန် (၁၀၀) တူးဖော်လျက်ရှိရာ စုစုပေါင်း လုပ်ငန်းပြီးစီးမှု (၈၀%) ရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများမှ သိရှိရပါသည်။
     အဆိုပါ ရေကန် (၁၀၀) တူးဖော်ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူများအနေဖြင့်  ယခင် ခံစားနေရသည့် သောက်သုံးရေ ရှားပါးခြင်းနှင့် စိုက်ပျိုးရေပြတ်လပ်ခြင်းများ မခံစားရတော့ပဲ သောက်သုံးရေ ကြိုတင်စုဆောင်းနိုင်ခြင်း၊ မိုးရာသီကာလနှင့် မြစ်ရေများ ရေငန်မဝင်မီအချိန် များတွင် ပိုမိုစုဆောင်းသိုလှောင် သုံးစွဲနိုင်ကြတော့မည်ဖြစ်သည့်အပြင် နိုင်ငံတော်၏ စီစဉ် ဆောင်ရွက်ပေးမှုကြောင့် မိမိတို့၏ အမှန်တကယ် လိုအပ်ချက်များ ရရှိခံစားရတော့မည်ဖြစ်ရာ ဝမ်းသာကြည်နူး ပျော်ရွှင်နေကြကြောင်း သတင်းရရှိပါသည်။

 

Post Paragraph