နယ်စပ်ရေးရာဝန်ကြီးဌာနက တနိုင်းနှင့် နမ္မတူဒေသရှိ ခေတ္တတိမ်းရှောင် မိသားစုများအား ဆန်၊ ဆီ၊ ဆား၊ ပဲများထောက်ပံ့

နေပြည်တော်၊ သြဂုတ် ၁၇

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ကချင်ပြည်နယ်၊ တနိုင်းဒေသအတွင်း နယ်မြေလုံခြုံရေးအခြေအနေ အရ စခန်းအသီးသီးသို့ ခေတ္တတိမ်းရှောင် နေထိုင်ကြသော တိုင်းရင်းသားမိသားစုဝင်များ အတွက် ငွေကျပ်(၅၈)သိန်း တန်ဘိုးရှိ ရိက္ခာဆန်၊ ဆီ၊ ဆား၊ ပဲများကို ယနေ့ညနေပိုင်းတွင် တနိုင်းဒေသမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။ ထို့အတူ သြဂုတ်လ (၁၅)ရက်နေ့၌ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ ဒေသကြီးကြပ်ရေးမှူး ဦးမောင်မောင်နိုင်သည် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့် တို့နှင့်အတူ နမ္မတူဒေသရှိ နယ်မြေ လုံခြုံရေးအခြေအနေအရ ခေတ္တတိမ်းရှောင် နေထိုင်ကြသည့် စခန်းများဖြစ်သော ရွှေမြင်သာ ဘုန်းတော်ကြီးကျောင်း(ကြူဆော့)စခန်း၊ လီဆူးဘုရားရှိခိုးကျောင်းစခန်း၊ ကချင်နှစ်ချင်း ဘုရားရှိခိုးကျောင်း စခန်းတို့သို့ သွားရောက်၍ ရိက္ခာဆန်၊ ဆီ၊ ဆား၊ ပဲများကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။