နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့က ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့ရှိ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ဇူလိုင်လ  ၁၇  ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့က ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာရှိ အိမ်ထောင်စုဝင်များအတွက် ဆိုလာထောက်ပံ့ပေးအပ်ခြင်းနှင့် ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်ရှိ ‌နေရပ်ပြန်သူများအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်‌ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ကယား ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဝေလင်းအောင်၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ  နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို  ပြည်နယ်၊ ပြည်မအကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင်လည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာခဲ့ကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ မိမိတို့နေရပ်တွေမှာ ပြန်လည်နေထိုင်ကြသည့်အချိန်၌ အထောက်အကူဖြစ်စေရန်အတွက် ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အတွင်းရှိ နေရပ်ပြန်ပြည်သူ ၆၁၀ ဦးအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆားတို့အားလည်းကောင်း၊ ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာနေ ပြည်သူများအတွက် ဆိုလာမီးနှင့် ဆက်စပ်ပစ္စည်း ၅၂ စုံတို့ အားလည်းကောင်း၊ လက်ဝယ်အ‌ရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဆက်လက်၍လည်း နောင်လာမည့် ဘဏ္ဍာနှစ်များတွင်လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍ၌ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နေရပ်ပြန်ပြည်သူများအတွက် လိုအပ်သည်များ ကူညီထောက်ပံ့ပေးနေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ဒေသကွပ်ကဲရေးမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့ ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည်သည်တော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူတို့အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload