နေပြည်တော်၊ ဇူလိုင်လ ၁၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဆွစ်ဇာလန်ဖောင်ဒေးရှင်း (Swiss Foundation For Development Cooperation-SWISSAID) တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ယနေ့နံနက် (၉:၃၀) အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ SWISSAID မှ Country Representative ဖြစ်သူ Ms. Claire Elizabeth Light နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး SWISSAID မှ Country Representative မှ နားလည်မှုစာချွန်လွှာပါ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် SWISSAID မှ Country Representative တို့မှ နားလည်မှုစာချွန်လွှာအား လက်မှတ် ရေးထိုးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် SWISSAID တို့အကြား ပူးပေါင်း၍ ၂၀၀၁ ခုနှစ် မှ ယနေ့အချိန်အထိ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်များတွင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် Gender ကဏ္ဍ၊ လူထုအခြေပြု အသေးစားငွေစုလုပ်ငန်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းစသည့် လူထုအခြေပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အဆင့် (၅) ဆင့်ကို SWISSAID ၏ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၈.၅) သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။
ယနေ့ လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ SWISSAID အနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် လူထုအခြေပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆဌမ အဆင့်ကို ၂၀၁၉ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ အမေရိကန် ဒေါ်လာ (၃) သန်းကျော်ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းဒေသများရှိ မြို့နယ်ပေါင်း(၁၆)မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း (၁၉၅) ရွာမှ ဒေသခံ တိုင်းရင်းသားပြည်သူ (၃၄၃၆၀) ဦးတို့၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ တော့မည် ဖြစ်ပါကြောင်းနှင့် အဆိုပါ စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူ အဆင့်ဆင့်မှ ပူးပေါင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။