နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲများကျင်းပ

နေပြည်တော် မတ် ၂၄
        နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၂၄ ကျောင်းတို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုပ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်း၊ သင်တန်းဆင်းပွဲများအား ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ  လားရှိုးမြို့ သင်တန်းကျောင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ကျိုင်းတုံမြို့ သင်တန်းကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ မုဒုံမြို့ သင်တန်းကျောင်းတွင် မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပုသိမ်မြို့ သင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် ၊ လွိုင်ကော်မြို့ သင်တန်းကျောင်းတွင် ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ၊ မိုင်းဆတ်မြို့ သင်တန်း ကျောင်းတွင် အမှတ်(၁၄)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ခေတ္တစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မြင့်ကျော် တို့ တက်ရောက်ခဲ့ကြပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက် ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့သည်။
    အဆိုပါသင်တန်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသော ဒေသများမှ အမျိုးသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိရာ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျရောင်းချပေးပြီး ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများရှိ အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးသည့်အပြင်  သင်တန်းထူးချွန်ရရှိသူများအား သင်တန်းကျောင်းမှ အပ်ချုပ်စက် ၁ လုံးစီ ဆုချီးမြှင့်ပေးခဲ့ပါသည်။                    အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၂၄ ကျောင်းတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့အထိ ရက်သတ္တ ၂၂ ပတ်ကြာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသူ ၇၉၀ ဦး တက်ရောက်ခဲ့ပါသည်။ ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းကျောင်းများ စတင် ဖွင့်လှစ်ချိန်မှ ယခုသင်တန်းအထိ  သင်တန်းသူ စုစုပေါင်း ၉၀၅၂၂ ဦး သင်ကြားလေ့ကျင့် မွေးထုတ် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph