“နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရေးဟာ ပြည်ထောင်စုသားအားလုံးရဲ့ မွေးရာပါတာဝန်ဖြစ်တာကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက စည်းလုံး ညီညွတ်စွာနဲ့ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ထိန်းသိမ်း သွားကြဖို့လိုတယ်။ တို့နိုင်ငံအတွက် အသက်တမျှအရေးကြီးတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို မောင်တို့ မယ်တို့က အမိဖွံ့ဖြိုးရေးတက္ကသိုလ်မှာ အတူတကွပညာသင်ကြားရင်းနဲ့ ရင်ထဲမှာ စွဲမြဲခံယူကြပြီး ဖြစ်တယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့် မောင်တို့၊ မယ်တို့အနေနဲ့ ဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်း များပီသစွာနဲ့ မိမိတို့ တာဝန်ကျရာဒေသတွေမှာ တိုင်းရင်းသားပြည်သူများအကြား ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထွန်းကားလာပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးချစ်ခင်ညီညွတ်လာအောင် စည်းရုံးဆောင်ရွက် သွားကြပါလို့ မှာကြားလိုတယ်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၇)၊ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံရာ တွင် မြွတ်ကြားသည့် ဩဝါဒအမှာစကားမှ ကောက်နုတ်ချက်ဖြစ်ပါသည်။
မိမိတို့ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်သော နိုင်ငံဖြစ်သည်။ “မြန်မာ” ဟူသောဝေါဟာရသည် မျိုးနွယ်စုများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ကျန်တိုင်းရင်းသားမျိုးနွယ်စုအားလုံးကို ခေါ်ဆိုခြင်းဖြစ်သည်။ တိုင်းရင်းသားအားလုံးတို့သည် နိုင်ငံတော်အပေါ်ကျရောက်လာသည့် အခက်အခဲများကို စုပေါင်းအားဖြင့် လက်တွဲတွန်းလှန် ကာကွယ်ခဲ့ ကြသကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်မှု စွမ်းအားတို့ဖြင့် သာယာဝပြောသည့် နိုင်ငံတော် ကြီးကို ထူထောင်နိုင်ခဲ့ကြသည်။ တိုင်းရင်းသား မျိုးနွယ်စုအချင်းချင်း အပြန်အလှန် လေးစား ယုံကြည်မှု၊ ရင်းနှီးချစ်ကြည်မှု၊ နားလည်ခွင့်လွှတ်မှု၊ စည်းလုံးညီညွတ်မှုတို့သည် ပြည်ထောင်စု၏ အသက်သွေးကြော ပင်ဖြစ်သည်နှင့်အညီ အဆိုပါစိတ်ဓာတ်များ မွေးဖွားသန့်စင်ခဲ့သော၊ ပေါက်ဖွားရှင်သန်ခဲ့သောမြေမှာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ သမိုင်းကြောင်းကို အကျဉ်းမျှ တင်ပြလိုပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)သည် ၁၉၆၄ ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်သန္ဓေ တည်ခဲ့ခြင်းဖြစ်သည်။ “တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို အလေးထားဆောင်ရွက် ပေးနိုင်သော ပညာရေးဝန်ထမ်းကောင်းများအဖြစ် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ် တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့သည်။ တက္ကသိုလ်အား တည်ထောင်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် ၅ ရပ်ရှိပြီး အဆိုပါရည်ရွယ်ချက် ၅ ရပ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ် လာစေရန်ဟူသောအချက် အပါအဝင်ဖြစ်ပါသည်။
ဖွံ့ဖြိုးရေးတက္ကသိုလ်သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဟူသော တိုင်းရင်းသားလူငယ်မောင်မယ်များအတွက် အဆင့်မြင့်ပညာများဆည်းပူးရာ ပြည်ထောင်စုကျောင်းတော် ကြီးဖြစ်သည်။ တိုင်းရင်းသား လူငယ်မောင်မယ်များ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လူမှုရေး ကစ၍ နိုင်ငံတော်က လိုလေသိမ်းမရှိ အခမဲ့တာဝန်ယူ စောင့်ရှောက်ပေးထားပါသည်။ ကျောင်းအိပ် ကျောင်းစားဖြစ်ပြီး အိပ်ဆောင်တိုင်းတွင် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြရသဖြင့် နေထိုင်ရာ အသိုင်းအဝိုင်းသည် ပြည်ထောင်စုလေးသဖွယ်ဖြစ်နေသည်။ အိပ်ဆောင်များအား တိုင်းရင်းသားမျိုးနွယ်စု နာမည်များ၊ တိုင်းရင်းသားများ၏ အထင်ကရနေရာများဖြင့် မှည့်ခေါ်ထားပါသည်။ ဖွံ့ဖြိုးရေးတက္ကသိုလ် ၏ ထူးခြားချက်သည် Guardian စနစ်ဖြစ်သည်။ Senior အစ်မကြီးက မွန်တိုင်းရင်းသူ ဖြစ်ကောင်းဖြစ် မည်။ Junior ညီမငယ်က ကရင်တိုင်းရင်းသူ ဖြစ်ကောင်းဖြစ်မည်။ မတူညီသော ဓလေ့၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုများမှ မောင်နှစ်မအရင်း၊ ညီရင်းအစ်ကို သံယောဇဉ်မျိုးဖြင့် တူညီသောတန်ဖိုးများကို မွေးဖွားပေးနိုင်ခဲ့သည်။
၎င်းတန်ဖိုးများသည် ပြည်ထောင်စုစိတ်ဓာတ်၏ အခြေတည်ရာဖြစ်သည်။ Junior ညီငယ်ဖျား လျင် Senior အစ်ကိုကြီး ညမအိပ်နိုင်တော့၊ Senior အစ်ကိုအလုပ်များလျင် ဝိုင်းဝန်းကူညီပေးသူက Junior ညီငယ်ဖြစ်သည်။ အမုန်းတရားများမရှိ၊ နှိုင်းယှဉ်မှုများမရှိ၊ သံယောဇဉ်တရားများဖြင့် ခိုင်ကျည် ထားသော ပြည်ထောင်စုလေးတွင် သူတို့ ရှင်သန်ပျော်ရွှင်စွာ ပညာဆည်းပူးကြသည်။ သူတို့တစ်တွေအား နည်းပေး၊ လမ်းပြသွန်သင်ဆုံးမသူ ဆရာ၊ ဆရာမများသည်လည်း တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံက သူတို့၏ Senior အစ်ကိုကြီး၊ အစ်မကြီးများပင်ဖြစ်သည်။
ဤကျောင်းတော်ကြီးတွင် တိုင်းရင်းသားအသီးသီး၏ ဘာသာစကား၊ ရိုးရာဓလေ့စရိုက်များအား သင်ကြားဖလှယ်ခွင့်ရရှိကြသည်။ မည်သည့်တိုင်းရင်းသား၊ တိုင်းရင်းသူဖြစ်စေ နှစ်သက်ရာ တိုင်းရင်းသား ဘာသာစကားကို သင်ယူနိုင်သည်။ တိုင်းရင်းသားရိုးရာဓလေ့စရိုက်များကို လေ့လာနိုင်သည်။ ရိုးရာ ဝတ်စုံများလဲလှယ်ကာ ဓာတ်ပုံရိုက်ကြသည်။ ရိုးရာမုန့်များတစ်လှည့်စီ ပြုလုပ်၍ မြိန်ရည် ယှက်ရည် စားကြသည်။ သူတို့တစ်တွေသည် ပြည်ထောင်စုသားများဖြစ်ကြ၍ ဂုဏ်ယူဝင့်ကြွားကြသည်။ မြန်မာ နိုင်ငံသားဖြစ်၍ ဂုဏ်ယူဝင့်ကြွားကြသည်။ “စည်းလုံးခြင်းသည် အင်အား” ဟူသည် ဖွံ့ဖြိုးရေး တက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည်။ သံယောဇဉ်တရားက စည်းလုံး ညီညွတ်ရေးအားကို အလိုအလျောက် ရရှိစေသည်။
ဤကျောင်းတော်ကြီးတွင် သင်ကြားရေးဘာသာရပ်ဌာန ၂၁ ဌာနဖြင့် သင်ကြားပို့ချမှုဆိုင်ရာ သင်ရိုးညွှန်းတမ်း ဘာသာရပ်များ၊ အခြေခံဘာသာရပ်များ၊ ဝိဇ္ဇာဘာသာရပ်များ၊ သိပ္ပံဘာသာရပ်များ၊ တွဲဖက်သင်ရိုးညွှန်းတမ်းဘာသာရပ်များနှင့် အထူးတွဲဖက်သင်ရိုးညွှန်းတမ်းဘာသာရပ်များ သင်ကြားကြရ သည်။ အထူးတွဲဖက်သင်ရိုးညွှန်းတမ်းဘာသာရပ်များတွင် မြန်မာ့လွတ်လပ်ရေး ကြိုပမ်းမှုသမိုင်းနှင့် စာရိတ္တပညာ၊ တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုဘာသာရပ်များ ပါဝင်သည်။ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ဘာသာရပ်များပါဝင်သည်။ သို့သော် စည်းလုံးညီညွတ်ရေးဟု အတင်းတိုက်တွန်းနေစရာမလို၊ နှစ်ကာလများစွာ အတူတူနေထိုင်ရှင်သန်ခဲ့ကြ သော ဤကျောင်းတော်သူ၊ ကျောင်းတော်သားများ၏ သံယောဇဉ်သည် ရေကိုတား၍ ကြားမထင်ကဲ့သို့ ရှိကြပါသည်။
ဖွံ့ဖြိုးရေးတက္ကသိုလ်၏ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က စားဝတ်၊ နေရေး၊ ကျန်းမာရေးကစ၍ အစစအရာရာ လိုလေသေးမရှိ ထောက်ပံ့ပေးထားပါသည်။ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ရိက္ခာစိုငွေများအပြင် ဝတ်စုံများအနေဖြင့် တိုက်ပုံ၊ ဆာဖာရီ၊ လည်ကတုံး၊ လုံချည်၊ ဘောင်းဘီ၊ ရင်ဖုံး၊ တီရှပ်၊ ဘောင်းဘီရှည်၊ လက်ဆွဲအိတ်၊ ညှပ်ဖိနပ်၊ ကင်းဘတ်(လက်ရှည်)ဖိနပ်၊ ခြေအိတ်၊ အိပ်ယာ ပစ္စည်းများ၊ စာရေးကိရိယာများ၊ လစဉ်မုန့်ဘိုးစသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများ လိုအပ်ချက်ကို ပြည့်မီစွာထောက်ပံ့ပေးထားပါသည်။
ထိုပြင်သာမက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ခန္ဓာဖွံ့ဖြိုး၊ ကြံခိုင်ရေး အတွက် နေ့စဉ် ကြက်ဥ ၂ လုံး၊ နွားနို့ ၂၀ ကျပ်သားအပြင် ဂျုံဖြင့် ပြုလုပ်ထားသော အစားအစာကို တစ်ပါတ်လျင် ၅ ရက်နှုန်းဖြင့် ကျွေးမွေးရန် စီမံဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံတော်အကြီးအကဲ၏ စေတနာသည်ကြီးမားသကဲ့သို့ ဤကျောင်းသား၊ ကျောင်းသူများအပေါ် နိုင်ငံတော်မှမည်မျှအထိမျှော်လင့်ချက် ကြီးမားကြောင်း ပေါ်လွင်စေပါသည်။ အဘယ်ကြောင့်နည်း။
အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုတိုင်းရင်းသားများအတွက် ပြည်ထောင်စုကျောင်းတော် ဖြစ်သောကြောင့်ဖြစ်သည်။ ပြည်ထောင်စုကျောင်းတော်တွင် ပြည်ထောင်စုကြီးအတွက် အသက်ဝိဉာဉ် သဖွယ်အရေးကြီးသော ပြည်ထောင်စုစိတ်ဓာတ်ကို လေ့ကျင့်ပျိုးထောင်ပေးသောကြောင့်ဖြစ်သည်။ စာကိုသာမက စိတ်ကိုပါ သင်ကြားပေးသောကြောင့် ဖြစ်သည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သည် စတင်ဖွင့်လှစ်ခဲ့သော ၁၉၆၄ ခုနှစ်မှစ၍ မဟာပညာရေးဘွဲ့ ၁၇၅ ဦး၊ မဟာဒဿနပညာရေးဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၃၅၀ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်းဆရာအတတ်ပညာဒီပလိုမာ ၉၅၆ ဦး၊ မူလတန်း ဆရာအတတ်သင် ၇၁၆၂ ဦး၊ အထူးမူလတန်းဆရာအတတ်သင်တန်း ၄၆၁ ဦး၊ ပညာရေးဘွဲ့ ပေါင်းကူး သင်တန်း ၄၄၃ ဦး၊ စုစုပေါင်း ၁၄၅၁၄ ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ဆရာ၊ ဆရာမများ အဖြစ် သာမက ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာကျွမ်းကျင်ပညာရှင်များ၊ သူနာပြု ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများလည်း ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စုကြီး၏ အရည်အသွေးမြင့်မား သော လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်သည်။
ဤဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများသည် ကျောင်းသားဟောင်းများအသင်းဟူ၍ ဖွဲ့စည်း ထားရှိသည်။ ကျောင်းသားဟောင်းများသည် သူတို့အား မွေးဖွားရှင်သန်စေခဲ့သော ကျောင်းတော်ကြီးကို နှစ်စဉ်နှစ်တိုင်း အလွမ်းပြေလာကြည့်သည်။ သူတို့စိုက်ပျိုးခဲ့သော သစ်ပင်ကြီးများအောက် အရိပ်ခိုကြ သည်။ ရောက်ရှိလာကြသော တိုင်းရင်းသား၊ တိုင်းရင်းသူ ကျောင်းသားဟောင်းကြီးများ အချင်းချင်း လက်တွဲ၍ ဓာတ်ပုံရိုက်ကြသည်မှာ အလွန်လှပကြည်နူးဖွယ်ရာ မြင်ကွင်းဖြစ်သည်။ သူတို့တစ်တွေသည် သူတို့ချစ်သော ပြည်ထောင်စု ကျောင်းတော်ကြီးကို ပြန်လည်စောင့်ရှောက်ကြသည်။ တနည်းအားဖြင့် သူတို့ချစ်သောပြည်ထောင်စုကြီးကို လက်ချင်းချိတ်ကာကွယ်စောင့်ရှောက်ရင်း မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေပေးကြသည်။ သူတို့တစ်တွေ၏ လက်ဆင့်ကမ်းအမွေများကို သယ်ဆောင်ရင်း ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၇)မှ ကျောင်းသား၊ ကျောင်းသူ ၁၈၄ ဦးသည်လည်း သူတို့ကဲ့တို့ပင် နိုင်ငံတော်၏တာဝန်ကို ကျရာကဏ္ဍအသီးသီးတွင်ထမ်းဆောင်ရင်း ပြည်ထောင်စုကြီးကို ကာကွယ် စောင့်ရှောက်ကြပါတော့မည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ၏ ဩဝါဒခံယူပွဲတွင် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကရင်တိုင်းရင်းသားကျောင်းသားတစ်ဦးမှ ဂါရဝပြုတင်ပြခဲ့ပါသည်-
- သားတို့အနေနဲ့ ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်း ပါဝင် ဆောင်ရွက်သွားပါမယ်၊
- သားတို့အနေနဲ့ နိုင်ငံ့သားကောင်းများပီသစွာဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တတ်စွမ်းသလောက် ပါဝင်ဆောင်ရွက်သွား ပါမယ်၊
- တာဝန်ကျရာ ဒေသတွေမှာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများပီသစွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်ထွန်းကာ ပြန့်ပွားရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားပါမယ်၊
- မကြာခင်ကာလမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေမှာ သားတို့အနေနဲ့ ကိုယ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ကတိပြုပါတယ်ခင်ဗျာ။
အမိနိုင်ငံတော်ကြီးအတွက် မျိုးဆက်သစ်တိုင်းရင်းသားလူငယ်များ၏ အားရကျေနပ်စရာ ကတိကဝတ်များဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုကြီး၏ ပြည်ထောင်စုကျောင်းတော်ကြီးဖြစ်သော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)မှ မွေးဖွားသန့်စင်ပေးလိုက်သော ကျောင်းဆင်း တိုင်းရင်းသားလူငယ်မောင်မယ်များသည် နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားအတွက် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း၊ လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ရင်း၊ ပြည်ထောင်စုကြီးကို ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ လက်များဖြင့် ကာကွယ်စောင့်ရှောက်ကြမည့် ပုံရိပ်များကိုမြင်ရောင်လျက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုရေးသားလိုက်ပါသည်။
ကလောင်အမည် ၊ ဇော်လင်း
အမည် ၊ ဦးဇော်လင်း
ရာထူး ၊ ညွှန်ကြားရေးမှူးချုပ်
ဌာန ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
နယ်စပ်ရေးရာဝန်ကြီးဌာန။