နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအေးလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့ ရောက်ရှိခဲ့ရာ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကြိုဆို နှုတ်ဆက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၏ အကူအညီနှင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ခဲ့သည့် လဟယ်မြို့နယ်၊ လဟယ်-လောင်ကျန်းနောက်ကုန်းမြေလမ်း ၁၀ မိုင် ပြုပြင်ထိန်းသိမ်းခြင်း၊ Box Culvert ၁၀ စင်း၊ အဆိုပါ လမ်းပေါ်ရှိ ၄၀ ပေဘေလီတံတား ၁ စင်းနှင့် ၂၀ ပေဘေလီတံတား ၁ စင်းများ၏ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ရာ ရှင်းလင်းဆောင်၌ တာဝန်ခံ အင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လဟယ် - နန်းယွန်းလမ်းပိုင်းနှင့် ဆက်စပ်၍ လမ်း/တံတား လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ဒေသခံ ပြည်သူများ ရာသီမရွေး သွားလာနိုင်ရန်၊ လိုအပ်သည့်နေရာများတွင် တံတားများ၊ Box Culvert များ ထည့်သွင်းတည်ဆောက်ရန်၊ အတက်/ အဆင်း မတ်စောက်သည့် လမ်းပိုင်းနေရာများအား ပြေပြစ်မှုရှိစေရန် လမ်းအူကြောင်း ရှာဖွေ၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လဟယ်မြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ခေတ္တ နာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့၏ ကျောင်းအုပ်များမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများ၊ အိပ်ဆောင်၊ စားရိပ်သာ၊ တည်ဆောက်ရေး လုပ်ငန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၍ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များထောက်ပံ့ပေးအပ်ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ၃ ထပ်ကျောင်းသား အိပ်ဆောင်တည်ဆောက်မည့် မြေနေရာနှင့် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခေတ္တ နာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်လျက်ရှိသည့် အစိုးရနည်းပညာ အထက်တန်းကျောင်း(လဟယ်) ဆောက်လုပ်နေမှုအား ကြည့်ရှုလေ့လာခဲ့ပြီး ညနေပိုင်းတွင် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်းများသို့ သွားရောက်၍ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကာ ဆန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နာဂရိုးရာ စာပေနှင့် ယဥ်ကျေးမှုခန်းမ၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ နာဂဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေး မှာကြားခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှထောက်ပံ့လှူဒါန်းသည့် ဆန်အိတ် ၁၀၀၊ ဆိုလာ ၁၀၀ စုံ၊ ကျောင်းဝတ်စုံ ဖြူ/စိမ်း ၃၀၀ စုံ၊ ဗလာစာအုပ် ၃၀၀ ဒါဇင်တို့အား တာဝန်ရှိသူ အသီးသီးတို့ထံပေးအပ်ခဲ့ရာ ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လဟယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လဟယ်မြို့မှ ထွက်ခွာ၍ လဟယ် မြို့နယ်၊ လေရှီးမြို့နယ်နှင့် ခန္တီးမြို့နယ်အား အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်စေရန်အတွက် မြို့နယ်ချင်းဆက်လမ်းများ လာမည့်ဘဏ္ဍာနှစ်များအတွင်း လျာထားဆောင်ရွက်နိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ခန္တီးမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ခန္တီးမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့၏ ကျောင်းအုပ်များမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း အမှာစကား ပြောကြား၍ ကျောင်းသုံး ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ခန္တီးမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးဝန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခန္တီးမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Post Paragraph
Paragraph Images
video-upload