ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီ တို့အကြား အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး ဒုတိယအကြိမ် ပြင်ဆင်ချက်သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပ

နေပြည်တော် သြဂုတ်လ ၂၈ ရက်
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံလူမျိုးစုရေးရာ ကော်မတီတို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ဒုတိယအကြိမ် ပြင်ဆင်ချက်သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန် တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီဥက္ကဌ/ဝန်ကြီး H. E. Mr. Do Van Chien ဦးဆောင်သော အဖွဲ့ဝင်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့် ဌာနအကြီးအကဲများ တက်ရောက် ခဲ့ပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီဥက္ကဌ/ဝန်ကြီးတို့က အဖွင့်အမှာစကားအသီးသီး ပြောကြား ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လူမျိုးစုရေးရာကော်မတီတို့အကြား အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ဒုတိယအကြိမ် ပြင်ဆင်ချက် သဘောတူစာချုပ်အား လက်မှတ်ရေးထိုး ခဲ့ကြသည်။
    ထို့နောက်နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးကြရာတွင် ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့သော နယ်စပ် ဒေသများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ၊ လမ်း/တံတား၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးလင်းရေးဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေမှု အခြေအနေများ၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များနှင့် လူငယ်သင်တန်းကျောင်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပို့ချနေမှု အခြေအနေများ၊ လူငယ် များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းများ၊ စက်မှုလက်မှု သင်တန်းကျောင်းများ၊ ဖွင့်လှစ်သင်ကြား ပေးနေမှုများ၊ နှစ်နိုင်ငံလုံးအနေဖြင့် တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ နားလည်မှု၊ ချစ်ခင်မှုတို့ဖြင့်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အဓိက ဦးတည်ဆောင်ရွက်ပေးနေမှု အခြေအနေများ နှင့်စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်၍ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
    မွန်းလွှဲပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီဥက္ကဌ/ဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညို၍ ဆင်ဖြူတော်အား လေ့လာကြည့်ရှု့ ခဲ့သည်။
    ညနေပိုင်းတွင်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် က ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံလူမျိုးစုရေးရာကော်မတီဥက္ကဌ/ဝန်ကြီး H. E. Mr. Do Van Chien ဦးဆောင်သောအဖွဲ့အား နေပြည်တော်ရှိ Kempinski Hotel ၌ ညစာဖြင့် တည်းခင်းဧည့်ခံ ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph