ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) မူလတန်းဆရာအတတ်သင် သုံးနှစ်သင်တန်း အမှတ်စဉ် (၄၅) သင်တန်းဆင်း

နေပြည်တော် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် စက်တင်ဘာ ၂၃ ရက် နံနက် ၉နာရီက ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၌ ကျင်းပသည့် မူလတန်းဆရာအတတ်သင် သုံးနှစ်သင်တန်း အမှတ်စဉ် (၄၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။
     ရှေးဦးစွာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)က သင်တန်းနှင့် ပတ်သက် သည့် အချက်အလက်များအား ရှင်းလင်းတင်ပြသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးက မူလတန်းဆရာအတတ်သင် သုံးနှစ်သင်တန်းမှ သင်တန်သား/သင်တန်းသူ တိုင်းရင်းသား ၁၀၅ ဦးအား သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပြီး သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ကိုယ်စားလှယ်များက သင်တန်းသား/သင်တန်းသူ များအား အလုပ်ခန့်အပ်လွှာများ ပေးအပ်ကြသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပါမောက္ခချုပ်တို့က စံပြထူးချွန်ဆုနှင့် ထူးချွန်ဆုရသင်တန်းသား/ သင်တန်းသူ များအား ဆုများအသီးသီး ပေးအပ်ကြသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် တိုင်းရင်းသားပြည်သူများ၏ ရင်နှစ်သည်းချာ သားသမီး ရတနာဖြစ်သည့် တိုင်းရင်းသား မောင်တို့မယ်တို့ သည် အရည်အချင်းပြည့်ဝသည် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သော ဆရာ/ဆရာမ များအဖြစ် ကောင်းမွန်စွာ သင်ကြားလေ့ကျင့် တတ်မြောက်အောင်မြင်ခဲ့ပြီး ဖြစ်သည့်အတွက် တိုင်းရင်းသား ဒေသများနှင့် နိုင်ငံတော်အတွက် ပညာရေးကို တစ်ဖက်တစ်လမ်းမှအားဖြည့်ပေးနိုင်တော့မည်ဖြစ်သည့်အတွက်တိုင်းဒေသကြီး/ပြည်နယ်များနှင့် နိုင်ငံကိုယ်စား အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း။
     နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရူပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးပြီး ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း။
     ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့သော ၁၉၆၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မဟာပညာရေးဘွဲ့ ၉၃ ဦး၊ မဟာ ဒဿနဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၃၄၅၄ ဦး၊ ဆရာအတတ်သင် ဒီပလိုမာ ၆၃၅ ဦး၊ အလယ်တန်း ဆရာအတတ်သင် ၉၆၅ ဦး၊ အထူးမူလတန်းဆရာ အတတ်သင် ၄၆၁ ဦး၊ မူလတန်းဆရာ အတတ်သင် ၇၀၅၇ ဦး၊ စုစုပေါင်း ၁၂၇၀၀ ဦးအား မွေးထုတ်ပေးခဲ့ပြီး ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် တိုင်းရင်းသားလူမျိုးပေါင်း ၉၂ မျိုး သင်တန်းဆင်းခဲ့ပြီးဖြစ်ကြောင်း။
     သင်တန်းဆင်းပြီးဖြစ်သည့် မူလတန်းဆရာအတတ်သင် သုံးနှစ်သင်တန်း အမှတ်စဉ် (၄၄) နှင့် ယခုသင်တန်းဆင်းကြမည့် အမှတ်စဉ် (၄၅) မှ သင်တန်းသား၊ သင်တန်းသူများသည် လုပ်ငန်း ခွင်၌ နိုင်ငံ့တာဝန်ကို တစ်နှစ်ထမ်းဆောင်ပြီး တက္ကသိုလ်တွင် ဖွင့်လှစ်မည့် ဆရာအတတ် ပညာ ဒီပလိုမာ တစ်နှစ်သင်တန်းကို ဆက်လက် သင်ယူနိုင်ကြောင်း၊ မိမိတို့၏ အရည်အချင်းပေါ် မူတည် ပြီး မဟာပညာရေး ဘွဲ့နှင့် ပါရဂူဘွဲ့ကိုပါ ရယူနိုင်သည်ဟု ထပ်လောင်း အသိပေး မှာကြားလိုကြောင်း။
     အထူးမှာကြားလိုသည်မှာ မကြာမီက သင်တန်းသား၊ သင်တန်းသူများ နေပြည်တော်သို့ လေ့လာရေးခရီး လာရောက်ခဲ့စဉ်က နိုင်ငံတော် သမ္မတ မှာကြားခဲ့သည့် သြဝါဒလမ်းညွှန် မှာကြားချက် များကို လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူမှတ်သားပြီး မမေ့မလျော့ မပေါ့မဆ သော သတိတို့ဖြင့် ပညာရေး ဝန်ထမ်းကောင်းများဖြစ်အောင် အကောင်းဆုံး ကြိုးစားထမ်းဆောင် သွားကြရန် လိုအပ် ကြောင်း မှာကြားသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ တက္ကသိုလ် ဘွဲ့နှင်းခန်းမရှေ့၌ ကံ့ကော်ပင်ကို အမှတ်တရ စိုက်ပျိုးပေးခဲ့ပါသည်။
     ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့မှ သင်တန်းဆင်း သင်တန်းသား/ သင်တန်းသူများအား ညနေစာဖြင့် တည်းခင်းဧည့်ခံ ခဲ့ကြပါသည်။