
နေပြည်တော်၊ အောက်တိုဘာ ၁၂ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက မဟာပညာရေးဘွဲ့ (၂)နှစ်သင်တန်း အမှတ်စဉ်(၁၆)နှင့် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၂) တို့၏ သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးမြဝင်း၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က နိုင်ငံတော် အစိုးရဟာ တိုင်းရင်းသားများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ် ရှေးရှုပြီး တိုင်းရင်းသားများရဲ့ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာစေရေးအတွက် ကောင်းမြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ ဒီပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
ဖွံ့ဖြိုးရေးတက္ကသိုလ်ရဲ့ သက်တမ်းတစ်လျောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့တဲ့အချိန်ကနေ ယနေ့သင်တန်းဆင်း မောင်မယ်များ အပါအဝင်အထိ မဟာပညာရေးဘွဲ့ (၁၀၆)ဦး၊ မဟာဒဿနဘွဲ့(၃၅)ဦး၊ ပညာရေးဘွဲ့ (၃၈၄၂)ဦး၊ ဆရာအတတ်ပညာဒီပလိုမာ(၇၄၂)ဦး၊ အလယ်တန်း ဆရာအတတ်သင် (၉၅၆) ဦး၊ မူလတန်းဆရာအတတ်သင်(၇၁၆၂)ဦး၊ အထူးမူလတန်း ဆရာအတတ်သင်(၄၆၁)ဦး၊ စုစုပေါင်း(၁၃၃၀၄)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊
နယ်စပ်ဒေသက တိုင်းရင်းသားလူငယ်တွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ တို့တက္ကသိုလ်မှာ တိုင်းရင်းသားမျိုးနွယ်ပေါင်း (၁၀၀) တက်ရောက်သင်တန်းဆင်းခဲ့ကြပြီး ဖြစ်ကြောင်း၊ ယခုလက်ရှိတက္ကသိုလ်မှာ တိုင်းရင်းသား မျိုးနွယ်စု(၈၂)မျိုးတက်ရောက်လျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၃၅၀) ဦး ပညာသင်ကြားလျက်ရှိပါကြောင်း၊ ဒီသင်တန်းသား၊ သင်တန်းသူတွေဟာ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးကြမယ့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် မျှော်မှန်း ပြီး နိုင်ငံတော်က လေ့ကျင့်ပြုစုပျိုးထောင်ပေး နေတာဖြစ်ပါကြောင်း၊
နိုင်ငံတော်ရဲ့ အထူးအစီအစဉ်အရ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ တွေထဲ က ထူးချွန်သူတွေဟာ သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီး တက်ရောက်သင်ကြားခွင့်ရခဲ့တဲ့အတွက် ယခုအခါ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျန်းမာရေးမှူး၊ သူနာပြုအစရှိတဲ့ တာဝန်အမျိုးမျိုးကို ထမ်းဆောင်နေကြသလို ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အပြင် ပြည်နယ်ဝန်ကြီးချုပ်အဆင့်အထိ နိုင်ငံရေးနယ်ပယ် အသီးသီးမှာလည်း တာဝန် ထမ်းဆောင်နေကြပါကြောင်း၊ အများစုကတော့ ပညာရေးဝန်ထမ်းများအဖြစ် ပညာရေး တာဝန်တွေကို ထမ်းဆောင်လျက်ရှိပါကြောင်း၊
နိုင်ငံတော်အစိုးရဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုအစဉ်ရှေးရှုပြီး နိုင်ငံတော်ရဲ့ ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော် တည်ဆောက် ရာမှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဟာ ပဓာနကျတဲ့အတွက် ပညာရေးကဏ္ဍကို မြှင့်တင်ရန် အမျိုးသားပညာရေးမူဝါဒကိုချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊
မောင်တို့မယ်တို့ဟာ နိုင်ငံ့ဝန်ထမ်းဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင် ကြမှာဖြစ်တဲ့အတွက် ဒီနေရာမှာအလျဉ်းသင့်တုန်း “နိုင်ငံ့ဝန်ထမ်း” များအနေနဲ့ သိသင့် သိထိုက်တာများကိုလည်း အနည်းငယ်မှာကြားလိုကြောင်း၊ ဝန်ထမ်းများအနေနဲ့ နိုင်ငံတော်မှ ထိုက်သင့်သောလစာနဲ့စရိတ်၊ နေစရာ ဝန်ထမ်းအိမ်ရာ၊ သက်သာချောင်ချိရေး ထောက်ပံ့ငွေ၊ အခါအားလျော်စွာ ကျန်းမာရေးနဲ့ သာရေး၊ နာရေးထောက်ပံ့ပေးမှုများ၊ အရည်အချင်းပေါ် မူတည်၍ ရာထူးတိုးမြှင့်ပေးခြင်း၊ ပြည်ပလေ့လာရေး/သင်တန်းများ စေလွှတ်ပေးခြင်း စသည်ဖြင့် ဝန်ထမ်းများ ရသင့်ရထိုက်တဲ့အခွင့်အရေးများကို ပြည့်ပြည့်ဝဝရရှိအောင် စီမံ ဆောင်ရွက် ပေးလျှက်ရှိပါကြောင်း၊
ဒါ့ကြောင့် မောင်တို့ မယ်တို့ဟာ ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်တဲ့အခါ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုကြောင်း၊ မိမိတို့ရဲ့လုပ်ငန်းများကို အောင်မြင်အောင်၊ အပြစ်အနာအဆာ မရှိအောင်၊ အဂတိတရား ကင်းစွာဖြင့် ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့ဝန်ထမ်းများ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာ ဗျူဟာ စီမံချက် (၂၀၁၇-၂၀၂၀)ကို ရေးဆွဲအကောင်အထည်ဖော်လျှက် ရှိပါကြောင်း၊
ကျင့်ဝတ်သိက္ခာပြည့်စုံခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း၊ တာဝန်ခံမှု ရှိခြင်းစတဲ့ အခြေခံမူများအပေါ် တည်ဆောက်ထားတဲ့၊ လုပ်ရည်ကိုင်ရည်နှင့် ယုံကြည်ချက် ခိုင်မာမှုရှိတဲ့ ပြည်သူ့ဝန်ထမ်းများဟာ ကောင်းမွန်သော ဒီမိုကရေစီကျင့်စဉ်ရဲ့ ကျောရိုးမဏ္ဍိုင်ပဲ ဖြစ်ပါ ကြောင်း၊
ပြည်သူများအတွက် အစိုးရကို ကိုယ်စားပြုနေတဲ့ နိုင်ငံ့ဝန်ထမ်းများရဲ့ ရိုးဖြောင့် မှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုတို့ဟာ နိုင်ငံတော်နှင့်ပြည်သူများအကြား ယုံကြည်မှုများ တိုးပွားလာစေရေး အတွက် အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါကြောင်း၊
နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံတော်ရဲ့ပုံရိပ်နဲ့ နိုင်ငံတော်ရဲ့တန်ဖိုးကို ကိုယ်စားပြု ထင်ဟပ်နေသူများ ဖြစ်ပါကြောင်း၊
ဝန်ထမ်းများဖြစ်တဲ့အတွက် ဝန်ထမ်းတစ်ဦးချင်းရဲ့ ရပိုင်ခွင့်များကို သိရှိဖို့ လိုသလိုထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ၊ လိုက်နာရမည့် ကျင့်ဝတ်၊ စောင့်ထိန်းရမည့် စည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာသွားဖို့လိုအပ်မှာ ဖြစ်ပါကြောင်း၊
လက်ရှိအခြေအနေမှာ ဝန်ကြီးဌာနအသီးသီးမှာရှိတဲ့ နိုင်ငံ့ဝန်ထမ်းများကို “အရည်အချင်းအလိုက်ချီးမြှင့်မြှောက်စားမှုအခြေခံမူ”ကို ကျင့်သုံးနေတဲ့အတွက် မိမိတို့ရဲ့ အောင်မြင်တိုးတက်မှုဟာမိမိတို့ရဲ့ ကြိုးစားအားထုတ်မှု၊ လုပ်ငန်းစွမ်းဆောင်ရည်၊ ရိုးဖြောင့်မှု နဲ့ ကျွမ်းကျင်မှုတို့ အပေါ်မှာ မူတည်နေပါကြောင်း၊
ဒါ့ကြောင့် မောင်တို့ မယ်တို့အနေနဲ့ မိမိတို့ရဲ့ အောင်မြင်တိုးတက်မှု အတွက် ရိုးသားကြိုးစားပြီး လုပ်ငန်းစွမ်းဆောင်ရည်အပြည့်နဲ့ မြင့်မားသော စိတ်ဓါတ်၊ မှန်ကန်သော ခံယူချက်၊ မြဲမြံသော အကျင့်စာရိတ္တများကို လက်ကိုင်ပြုပြီး နိုင်ငံတော်ရဲ့ တာဝန်များကို စွမ်းစွမ်းတမံ ထမ်းရွက် သွားကြပါလို့ မှာကြားလိုကြောင်း၊
တိုင်းရင်းသားအားလုံး မျှော်လင့်တောင့်တနေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်ဖို့အတွက် ငြိမ်းချမ်းရေးဟာအထူးအရေးကြီးပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော် အစိုးရအနေနဲ့ တစ်နိုင်ငံလုံး စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက် နေတဲ့ လက်ရှိအခြေအနေ၊ အချိန်အခါအရ တို့မြန်မာနိုင်ငံဟာ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာနေထိုင်တဲ့ ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေရမဲ့ အချိန်အခါကျရောက်နေပြီ ဖြစ်တာကြောင့် လူမျိုးစွဲ၊ ဒေသစွဲ၊ ဝါဒစွဲတွေမထားဘဲ နိုင်ငံရဲ့အင်အားဟာနိုင်ငံတွင်းမှာရှိတဲ့ တိုင်းရင်းသား အားလုံးရဲ့စည်းလုံးညီညွတ်ရေးပေါ်မှာ မူတည်တယ်ဆိုတာ သိထားရမှာ ဖြစ်ပါကြောင်း၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြရင်ငြိမ်းချမ်းရေး ဆိုတာလည်း မလွဲမသွေရရှိမှာ ဖြစ်ပါကြောင်း၊
ဒါကြောင့် မောင်တို့မယ်တို့အနေနဲ့ ကျောင်းဆင်းပြီးလို့ ကျရာဒေသတွေမှာ ပညာရေး ဝန်ထမ်းအဖြစ် ဆရာ၊ ဆရာမများအနေနဲ့ တာဝန်ထမ်းဆောင်ကြတဲ့အခါမှာ ပညာရေး တာဝန်အပြင် တိုင်းပြည်ရဲ့ အပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းတည်ငြိမ်ရေးရရှိသည်အထိ ကျရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊
မောင်တို့ မယ်တို့အနေနဲ့ မိမိတို့တာဝန်ကျရာဒေသတွေမှာ ဒေသခံ ပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေကို မှန်ကန်သောခံယူချက်၊ ယုံကြည်ချက်တစ်နည်းအား ဖြင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားလာအောင် စည်းရုံးဆောင်ရွက်ပေးကြပါ။ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့မူဝါဒတွေနဲ့အညီ တိုင်းရင်းသားလူငယ်တွေ ကို နိုင်ငံ့သားကောင်းများဖြစ်လာအောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးကြပါ။
နိဂုံးချုပ်အနေနဲ့ မိမိတို့ရဲ့ကိုယ်ပိုင်အရည်အချင်း၊ အရည်အသွေးတွေကို ပိုမိုမြင့်မား လာအောင် လည်း အစဉ်လေ့လာဆည်းပူးကြပါ။
နိုင်ငံတော်က ဆောင်ရွက်နေတဲ့ အပစ်အခတ်ရပ်ဆဲရေးမှစ၍ တစ်နိုင်ငံလုံး၏ ထာဝရငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါ။
နိုင်ငံတော်နဲ့ တက္ကသိုလ်ကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ တက္ကသိုလ်မှာ ဆည်းပူး လေ့လာခဲ့တဲ့ ပညာရပ်တွေကို အသုံးပြုပြီး နယ်စပ်ဒေသ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြပါ။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံကျတဲ့ပညာရေးကဏ္ဍ တိုးတက်မြင့်မား ဖို့ မိမိတို့ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေနဲ့ တာဝန်ကျေပွန်ရုံအပြင် အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်ကြပါလို့ တိုက်တွန်းမှာကြားခဲ့ပါသည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တို့က စံပြ ထူးချွန်ဆုရရှိသူများနှင့် ထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဆရာကြီး ဒေါက်တာသန်းဦးက ပညာထူးချွန်ဆုရရှိသူကို ရွှေတံဆိပ်ဆု ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များက ပညာရေးဘွဲ့(၅)နှစ်သင်တန်းအမှတ်စဉ်(၂)တွင် တက်ရောက် အောင်မြင် ခဲ့သူ (၁၆၅) ဦးတို့အား အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။ ထို့နောက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင် ဧည့်ခန်း၌ စံပြထူးချွန်ဆုနှင့် ထူးချွန်ဆုရရှိသူအား အားပေးစကားပြောကြားသည်။ ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်များသည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။
ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး တို့မှ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုညနေစာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်တွင် ယနေ့ကျင်းပသော မဟာပညာရေးဘွဲ့ (၂)နှစ်သင်တန်း အမှတ်စဉ်(၁၆)နှင့် ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ၌ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များမှ တိုင်းရင်းသားလူငယ်( ၁၇၆ )ဦး တက်ရောက် အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။