ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) သင်တန်းအမှတ်စဉ် (၁၉) ဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊အောက်တိုဘာ     ၂၈      ရက်
    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) သင်တန်းအမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲနှင့် အလုပ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အထူး ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က သင်တန်းဆင်း ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင် မှုဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် ချမှတ်၍ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် ဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူတို့၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝများ မြင့်မားတိုးတက်စေရေးအတွက် မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်၍ ထိရောက်အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)တွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “ဒီဂရီကောလိပ်များမှ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူ များအား မိမိဒေသအုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် MSME လုပ်ငန်းများတွင် ဦးဆောင် ပါဝင်ဆောင်ရွက် စေရန်”ဟု လမ်းညွှန် မှာကြားချက်အရ သင်တန်းဆင်း မောင်တို့၊ မယ်တို့ကို အဆိုပါ လမ်းညွှန်ချက် နှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနများတွင် တာဝန်ပေးခန့်အပ်သွားမှာ ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ နယ်စပ်ဒေသများ၌ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းကောင်း များအဖြစ် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊စစ်ကိုင်း) တို့ကို တည်ထောင်ဖွင့်လှစ် ပြုစုပျိုးထောင် လေ့ကျင့်သင်ကြား‌ပေး လျက်ရှိပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့ အထိ ဝိဇ္ဇာဘွဲ့ ၅၄၆ ဦး၊ သိပ္ပံဘွဲ့ ၁၂၉၂ ဦး၊ အင်ဂျင်နီယာ ဒီပလိုမာ ၉၅၉ ဦး စုစုပေါင်း တိုင်းရင်းသား လူငယ်၂၇၉၇ ဦး ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါကျောင်းဆင်း တိုင်းရင်းသား လူငယ်များမှာ ဝန်ကြီးဌာန အသီးသီးတွင်  ကျရာကဏ္ဍမှ နိုင်ငံ့တာဝန်များ ထမ်းဆောင်နေကြပါကြောင်း၊ တစ်ဖက်က နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရင်း နိုင်ငံတော်၏ ပညာရေးရည်မှန်းချက်ဖြစ်သည့် “အစဉ်လေ့လာ သင်ယူနေသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာစေရန်” ဆိုသည့်အတိုင်း အဆင့်မြင့် ပညာရပ်များကို ဆက်လက်လေ့လာ သင်ယူခဲ့ကြရာ ယနေ့အချိန်ထိ မဟာဝိဇ္ဇာဘွဲ့ ၇၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၄၆ ဦး၊ Ph.D ဘွဲ့ ၁၅ ဦး၊ B.E ဘွဲ့ ၃၀၁ ဦး၊ M.E ဘွဲ့ ၁၅ ဦး၊ B.Tech ၄၅၂ ဦး ရရှိပြီးဖြစ်သည့်အတွက် များစွာအားရ ကျေနပ်ဖွယ်ဖြစ်ရ ပါကြောင်းနှင့် ယနေ့ သင်တန်းဆင်း မောင်တို့ မယ်တို့ အနေဖြင့်လည်း အားကျအတုယူကာ ဆက်လက်ကြိုးစားသွားကြမည်ဟု ယုံကြည်ပါကြောင်း။
    အစဉ်ပြောင်းလဲနေသည့် ကမ္ဘာကြီးနှင့် ပညာရပ်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ရန် အတွက် မဖြစ်မနေတတ်မြောက်ရမည့် အင်္ဂလိပ်စာ၊ ICT နည်းပညာနှင့် Social Media တို့ကိုလည်း မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံကောင်းကျိုးရရှိစေရေးအတွက် အသိ၊ သတိဖြင့် အထူး ဂရုပြု လေ့လာကြရန်နှင့် စနစ်တကျ အကျိုးရှိရှိ သုံးစွဲသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
    သင်တန်းဆင်း မောင်တို့မယ်တို့အနေဖြင့် ခေါင်းဆောင်ငယ်များဖြစ်သည့်အတွက် ပင်ကိုယ် စရိုက်လက္ခဏာ ကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ တန်းတူညီမျှခြင်း၊ စွမ်းဆောင်ရည် ပြည့်ဝခြင်း၊ ကျင့်ဝတ်စည်းကမ်းများနှင့် ပြည့်စုံလိုက်နာသူများဖြစ်စေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်ရာ မည်သည့်နေရာဒေသဖြစ်စေ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်၊ စာပေနှင့်ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီး မြတ်နိုးစွာထိန်းသိမ်းကြရန်နှင့် တိုင်းရင်းသား လူမျိုးများအား မျက်စိဖွင့်၊ နားဖွင့်ပေးနိုင်ဖို့ တတ်စွမ်းသမျှ ကြိုးစားကြရမည် ဖြစ်ပါ ကြောင်း၊ မိမိတို့ တတ်မြောက်ထားရှိသည့် အသိပညာ၊အတတ်ပညာများဖြင့် မိမိတာဝန်ကျရာဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားကြရန်၊ မိမိတို့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လက်တွေ့မြေပြင်မှာ တွေ့ကြုံရမည့် အခြေအနေများနှင့် ပေါင်းစပ်၊ နှိုင်းယှဉ်၊ သုံးသပ်၍ အမှားအနည်းဆုံးဖြင့် ပြီးမြောက် အောင်မြင်အောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ(Keep Moving Forward to Achieve Our Goal)” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့် လူမှုစီးပွားဘဝတို့ကို တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကို မမေ့မလျော့ နှလုံးသွင်းပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးဆောင်လမ်းပြနိုင်မည့် ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် မိမိကိုယ်ကို အမြဲနှလုံးသွင်းကာ နေထိုင်ကျင့်ကြံပြီး နိုင်ငံတော်က အားကိုးအားထားပြုရသည့် သားကောင်း၊ သမီးမွန်များ ဖြစ်လာအောင် ကြိုးစားသွားကြရန် မှာကြား ခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာတွဲထူးချွန်ဆုရ ကျောင်းသူ ၁ ဦးနှင့် သိပ္ပံ ဘာသာတွဲထူးချွန်ဆုရ ကျောင်းသား ၁ ဦးတို့ကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ကြီးဌာန ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၁၆၂ ဦးတို့ကို အလုပ်ခန့်အပ်လွှာ များပေးအပ်ခဲ့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို ခင်မင် ရင်းနှီးစွာ နှုတ်ဆက်ခဲ့ပါသည်။    
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ထူးချွန် ကျောင်းသား များနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထူးချွန်ကျောင်းသား ၂ ဦးနှင့် ဒီဂရီကောလိပ် ဘက်စုံဖွံ့ဖြိုးရေးအတွက် ချီးမြှင့်ငွေ များ ပေးအပ်ကာ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူး ခဲ့ကြပါသည်။ 
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းဝန်းအတွင်းရှိ ဆောက်လုပ်ဆဲ ၄ ထပ် အင်ဂျင်နီယာစာသင်ဆောင်၊ အဆင့်မြှင့်တင်လျက်ရှိသည့် ဘောလုံးကွင်းနှင့်ပွဲကြည့်စင်၊တည်ဆောက်ရေး လုပ်ငန်းများ၊ စိမ်းလန်းစိုပြေသာယာလှပရေး နှင့် စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ် )မြောက်ပိုင်း) ရှိဗဟိုလေ့ကျင့်ရေး ကျောင်း သို့ ရောက်ရှိပြီး ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ အမှာစကားပြောကြား၍ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်များ၊ ဆောက်လုပ်ဆဲ ၄ ထပ် အိပ်ဆောင်နှင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား   ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ပါသည်။     
    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး ယာဉ်၊ ယန္တရားကြီးများ ထိန်းသိမ်းထားရှိမှုနှင့် ကြံ့ခိုင်မှုများ၊ လူပျို၊ အပျိုဆောင်များကို  စစ်ဆေး၍ ဝန်ထမ်းမိသားစုဝင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ရာသီ သီးနှံစိုက်ခင်းများ နှင့် ငါးမွေးမြူရေးကန်တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။    
    ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ များ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload