ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) သင်တန်းအမှတ်စဉ်(၁၆)သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၅ ရက်
    စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဒီဂရီ ကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က သင်တန်းဆင်း ဂုဏ်ပြု အမှာစကားပြောကြားရာ၌ ယခုအချိန်ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်များချမှတ်၍ ထိရောက်အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) တွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ “ဒီဂရီ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအား မိမိဒေသ အုပ်ချုပ်ရေးနှင့်  ဒေသဖွံ့ဖြိုးရေးအတွက် MSME လုပ်ငန်းများတွင် ဦးဆောင်ပါဝင် ဆောင်ရွက်စေရန်” ဟူသော လမ်းညွှန်မှာကြားချက်အရ   သင်တန်းဆင်း မောင်တို့ မယ်တို့ကို  အဆိုပါ   လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာန ၄ ခု ဖြစ်သည့်ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့တွင်   တာဝန်ပေး ခန့်အပ်သွားမည် ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လာနိုင်သည် နှင့်အမျှ တိုင်းရင်းသားလူမျိုးများအကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများ ပိုမိုရရှိလာပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုများ တိုးတက်လာမည် ဖြစ်ပါ ကြောင်း၊ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသား အားလုံးနှင့်သက်ဆိုင်ပြီး အရေးကြီးသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း။ 
    ထို့ကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၌ တိုင်းရင်းသားလူငယ်များ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်ရေးအတွက် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့ကို တည်ထောင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)ကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့ထိ ဝိဇ္ဇာဘွဲ့ ၄၂၁ ဦး၊ သိပ္ပံဘွဲ့ ၇၇၄ ဦး၊ B-Tech ၁၃၉ ဦး၊ အင်ဂျင်နီယာဒီပလိုမာ ၇၁၈ ဦး၊ စုစုပေါင်း တိုင်းရင်းသားလူငယ် ၂၀၅၂ ဦးတို့ကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ မဟာဝိဇ္ဇာဘွဲ့ ၇၈ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၈၁ ဦး၊ BE ၅၁၁ ဦး၊ ME ၂၂ ဦး၊ B-Teah ၂၀၇ ဦး ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းဆင်း မောင်တို့ မယ်တို့ အနေဖြင့် အဆိုပါအောင်မြင်မှုများကို အတုယူ ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း။
    သင်တန်းဆင်းမောင်တို့မယ်တို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ကြရ မည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို တိတိကျကျလိုက်နာ ကျင့်ကြံနေထိုင်ကာ နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ် စည်းကမ်းများနှင့်အညီ အဂတိတရား ၄ ပါး ကင်းရှင်းပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစွာဖြင့်   ကျရာ တာဝန်များကို   ကျေပွန်စွာ ထမ်းဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊   နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် မိမိတို့ကျရာ အခန်းကဏ္ဍအသီးသီးတွင်  ပေးအပ်သော   တာဝန်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ဇွဲ၊ လုံ့လဝီရီယ၊ ကျွမ်းကျင်မှု၊ လေ့လာဆည်းပူးမှုများဖြင့် ကြိုးစားကျင့်ကြံ၍ နိုင်ငံတော်မှ အားကိုးအားထားပြုရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် နေထိုင်လုပ်ကိုင် ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ် ထူးချွန်ဆုရ ကျောင်းသား ၁ ဦးနှင့် သိပ္ပံဘာသာရပ်    ထူးချွန်ဆုရ   ကျောင်းသား  ၁ ဦး  တို့အား    ထူးချွန်ဆုများ    ပေးအပ်ချီးမြှင့်ခဲ့ပြီး 
ဝန်ကြီးဌာန ၄ ခုမှ ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၁၇၂ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်ခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်၍ ထူးချွန်ကျောင်းသားများနှင့် ၎င်းတို့၏ မိဘများ အားတွေ့ဆုံကာ ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဂရီကောလိပ်အတွင်း သာယာ လှပရေးနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
    နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိပြီး တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံ၍ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တင်ပြသည့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေးနှင့် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။
ထို့နောက် ကျောင်းပိတ်ရက်ကာလအတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စိုက်ပျိုး/မွေးမြူရေး၊ စက်မှုလက်မှု၊ ဂီတ၊ အိမ်တွင်းမှု၊ ဘာသာရပ်ဆိုင်ရာ သင်ပြနည်း သင်တန်းများအား လိုက်လံကြည့်ရှုစစ်ဆေး၍ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုက်ဆက် အားပေးခဲ့ပါသည်။ ၎င်းနောက် ကျောင်းဝင်းအတွင်း ဆောင်ရွက်လျက်ရှိသည့် သာယာ လှပရေး၊ အားကစားကွင်းနှင့်အားကစားရုံများ အဆင့်မြှင့်တင်ရေး၊  တည်ဆောက်ရေး လုပ်ငန်းများ နှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း) အမှတ်စဉ်(၁၆) သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ များအား ဘွဲ့နှင်းသဘင်ခန်းမ၌ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ များ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်း ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

video-upload