
နေပြည်တော်၊ ဖေဖော်ရီလ ၂၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)၌ ၂၀၂၄ ခုနှစ်၊ အိပ်ဆောင်အလိုက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ဒီဂရီကောလိပ် (စစ်ကိုင်း)ရှိ ဘောလုံးကွင်း အမှတ် ၂ ၌ ကျင်းပရာ ကျောင်းအုပ်ကြီးဦးဆောင်၍ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ကျောင်းအုပ်ကြီးက အမှာစကားပြောကြားရာတွင် ထမနဲထိုးပြိုင်ပွဲကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာအရ လည်းကောင်း၊ တစ်ဦးတစ်ယောက်ကောင်းမဟုတ်ဘဲ စုပေါင်း အားထည့်မှု၊ စေတနာပါမှုနှင့် ကျွမ်းကျင်မှုများ ပေါင်းစပ်ဆောင်ရွက်ရခြင်းဖြစ်၍ ကျောင်းသား၊ ကျောင်းသူ အချင်းချင်း စည်းလုံးညီညွတ်မှုကို ပိုမို၍ တည်တံ့ခိုင်မြဲစေမည် ဖြစ်ကြောင်း၊ ထမနဲ ထိုးပွဲသည် စုပေါင်းညီညာမှုအပြင် ဉာဏ်ရည်ဉာဏ်သွေး၊ ပူးပေါင်း ဆောင်ရွက်မှု၊အားပေးမှုများနှင့် ဆောင်ရွက်ရသည့် အနှစ်သာရရှိသော မြန်မာ့ရိုးရာပွဲတစ်ခုဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် အနိုင်အရှုံးကို အဓိက မဟုတ်ဘဲ ပျော်ပျော်ပါးပါး ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အထဖြင့် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ ထမနဲတွင်ပါဝင်ရမည့် ပစ္စည်းများ ကိုက်ညီမှု၊ ချိန်သားကိုက် လှုပ်ရှားဆောင်ရွက်တက်မှု၊စည်းစည်းလုံးလုံးဆောင်ရွက်တက်မှု၊ အဖွဲ့အစည်း စိတ်ဓာတ်ဖြင့်ဆောင်ရွက်တက်မှု၊ စည်းကမ်းတကျရှိမှုတို့ကို ပြသသွားကြရန် အထူးတိုက်တွန်း လိုပါကြောင်း၊ မြန်မာ့ရိုးရာ ထမနဲပြိုင်ပွဲမှ တစ်ဆင့် တိုင်းရင်းသား ကျောင်းသား၊ကျောင်းသူများ အချင်းချင်း ပိုမိုစည်းလုံး ချစ်မြတ်နိုးသည့် စိတ်ဓာတ်နှင့် မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များဖြစ်ပေါ်လာအောင် မွေးမြူသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
အိပ်ဆောင်အလိုက် ထမနဲပြိုင်ပွဲကို ဒီဂရီကောလိပ်(စစ်ကိုင်း)ရှိ ကျောင်းသား အိပ်ဆောင် ၁၀ ဆောင်နှင့် ကျောင်းသူအိပ်ဆောင် သုံးဆောင်တို့မှ ပါဝင်ယှဉ်ပြိုင်ကြရာ တတိယဆုကို မြစ်ကြီးနားဆောင်က လည်းကောင်း၊ ဒုတိယဆုကို လွိုင်ကော်ဆောင်က လည်းကောင်း၊ ပထမဆု ကို ကံ့ကော်ဆောင်ကလည်းကောင်းရရှိခဲ့ကြရာ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင်ခဲ့ကြ ကြောင်း သိရသည်။




