ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စက်တင်ဘာလ  ၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးစိန်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင်  တောင်ကြီးခရိုင်၊ အေးသာယာမြို့ရှိ စွယ်တော်ကျောင်းတိုက်သို့ရောက်ရှိခဲ့ပြီး စွယ်တော်ဆရာတော်အား ဖူးမြော်၍ ဝါဆိုသံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီများနှင့် အဆိုပါ ကျောင်းတိုက် အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် သင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူများ အတွက် ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံများအား လှူဒါန်းထောက်ပံ့ခဲ့ပြီး ကျောင်းတိုက် အတွင်း  လှည့်လည်ကြည့်ရှုကာ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သော ကိစ္စရပ်များအား စီမံ‌ဆောင်ရွက်ပေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး မြို့သို့ရောက်ရှိပြီး ‌ မဲနယ်တောင်တန်းဒေသရှိ ကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းအပါအဝင် အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့နောက် မဲနယ်တောင်တန်းဒေသသို့ အသေးစိတ်ကွင်းဆင်းကြည့်ရှုခဲ့ပြီး  ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်လျက်ရှိသည့် လမ်း/တံတားလုပ်ငန်းများအား ဦးစားပေးအလိုက် ဘဏ္ဍာငွေ ရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည့် အစီအမံများကို ညှိနှိုင်းခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက္ကချားကျေးရွာမှ ရှုခင်းသာနှင့် နှစ်ပေါင်း ၁၁၀ သက်တမ်းရှိ ရှေးဟောင်း  နမ်းဟုတ်ဘုန်းတော်ကြီးကျောင်း တို့အား ကြည့်ရှုလေ့လာပြီး ဆရာတော် အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ 
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး လိုက်ပါလျက် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ် ကျောင်းချယ် လမ်းခွဲမှ လပ်တိုင်- ပင်အွန်လမ်း ၅ မိုင် အနက် ၁ မိုင် ၂ ဖာလုံ ကတ္တရာထပ်ပိုး လွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၎င်းနောက် ဆိုက်ခေါင်မြို့ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ရောက်ရှိပြီး သင်တန်းခန်းမ အတွင်း သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုနှင့် ချုပ်လုပ်ထားရှိသည့် အသုံးအဆောင် ပစ္စည်း များ၊ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာနှင့် တည်ဆောက်ရေး လုပ်ငန်းများကိုလိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ 
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဆိုက်ခေါင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် အိမ်တွင်းမှု သင်တန်းကျောင်းများမှ ကျောင်းအုပ်များက သင်တန်းကျောင်းဆိုင်ရာ အချက်အလက် များအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။ ထို့နောက် ကျောင်းအုပ်များ၊ ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံ အမှာစကားပြောကြား၍ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ ကျောင်းဝန်းအတွင်းရှိ အိပ်ဆောင်၊ စာကြည့်တိုက်နှင့် နှစ်ရှည်သီးနှံပင်နှင့် ရာသီသီးနှံပင် များ စိုက်ပျိုးထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာ၌ နေ့လည်စာကို ကျောင်းသား/ ကျောင်းသူများနှင့်  အတူတကွ သုံးဆောင်ခဲ့ပါသည်။
    နေ့လည်ပိုင်းတွင် ဆီဆိုင်မြို့နယ် လွယ်ပွတ်-လိုက်ပေး-ဘန်းနောင်ကား ၅ မိုင် အနက် ၂ မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ ဒေသခံတိုင်းရင်းသားပြည်သူများက ခင်မင် ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ပါသည်။ ၎င်းနောက် ရှင်းလင်းဆောင်၌ တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများ ၏ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ် ပြန်လည် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
    ဆက်လက်၍ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ တာဝန်ရှိသူများက  မောက်မယ်အနောက်ခြမ်း နယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလမ်းများ ဆောင်ရွက်ပေးနိုင်ရေး  ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသအတွက် အဓိက အကျိုးဖြစ်ထွန်းမည့်လမ်းပိုင်းများကို မြေပြင်ကွင်းဆင်း စိစစ်မှုများပြုလုပ်၍ ဦးစားပေးဆောင်ရွက်ပေးသင့်သည်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ တို့နှင့် ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခိုင်မာအောင် တည်ဆောက်သွားနိုင်ရေး ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။  ညနေပိုင်းတွင် မောက်မယ် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိ၍ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး၏ တင်ပြချက်များ အပေါ် လိုအပ်သည်များဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ကာ ရုံးဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် လင်းခေးမြို့၊ ဝမ်ဟတ်ကျေးရွာအုပ်စု၊ နမ့်တွန်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော ၆၀x၃၀ပေ RC ၁ ထပ်  ဘုန်းတော်ကြီးကျောင်းဆောင်သစ် တည်ဆောက်နေမှု အခြေအနေအားလည်းကောင်း၊ ပုန်းထွန် ကျေးရွာနှင့် ဟိုတင့်ရွာသစ်ကျေးရွာများတွင် ဆိုလာစွမ်းအင်နှင့် ဒေသခံများ၏ ရေအားသုံး ရေတင်ဘီး စနစ်များအသုံးပြု၍ စိုက်ပျိုးရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာများအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ပါသည်။
    ထို့နောက် လင်းခေးမြို့နှင့် ဟိုတင့်ရွာသစ်ကျေးရွာတို့ကိုဆက်သွယ်မည့် နမ့်တိန်း  ချောင်းကူး ၂၅၀ ပေ ဘေလီတံတား ၁ စင်း တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေးကောင်းမွန်စေရေး စနစ်တကျ စစ်ဆေးကြပ်မတ်ရန် လိုအပ်သကဲ့သို့ သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေး၊ ရေရည်တည်တံ့ခိုင်မြဲရေးတို့အတွက် ဝိုင်းဝန်း ထိမ်းသိမ်းရန် လိုအပ်ကြောင်း၊ ယခုတံတား ပြီးစီးပါက လင်းခေးမြို့မနှင့် ချောင်းတစ်ဖက်ကမ်းရှိ ဟိုတင့်ကျေးရွာသို့ တစ်ဆက်တစ်စပ်တည်းပေါင်းစည်းကာ ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာရေးအတွက် အထောက်အကူပြုမည့် လုပ်ငန်းဖြစ်သည့်အတွက်  သတ်မှတ် ကာလ အတွင်း ပြီးစီးရေး အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လင်းခေးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက လင်းခေးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြား၍ ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ရုံးဝန်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload