နေပြည်တော်၊ နိုဝင်ဘာလ ၃၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ ပါမောက္ခချုပ်မှ တက္ကသိုလ်နှင့်သက်ဆိုင်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအား ဖွဲ့စည်းခဲ့ပြီး နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ် တိုးတက်မြင့်မားရေးအတွက် တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဟန်ချက်ညီ ဆောင်ရွက်နိုင်ရေး ဗဟိုကော်မတီမှ ပေါင်းစပ်ညှိနှိုင်းကာ မူဝါဒများ ချမှတ်ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါသည် ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံ ထူထောင်ချိန်ဖြစ်သဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် အဓိကကျကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် မွန်မြတ်သော ဝန်ထမ်းဘဝကို ကျေနပ်စွာခံယူပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် ကြိုးပမ်းတည်ဆောက်ကြရန် လိုကြောင်း၊ ဝန်ကြီးဌာနအောက်ရှိ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များအတွက် သင်တန်းသား၊ သင်တန်းသူများ ရွေးချယ်ရာတွင်လည်း မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ စနစ်တကျတက်ရောက်ခွင့် ပြုခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပျော်ပျော်ရွှင်ရွှင် တက်တက် ကြွကြွဖြင့် အကောင်းဆုံးဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အဂတိတရားကင်းစင်စွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် နယ်စပ်ဒေသအသီးသီးမှ တက်ရောက်လာသည့် တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများကို တက္ကသိုလ်ပညာရပ်များကိုသာမက ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာရေး၊ တိုင်းရင်းသားယဉ်ကျေးမှု အစဉ်အလာများ ပိုမိုထိန်းသိမ်းတတ်စေရေး ပညာရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပညာရပ်များကိုပါ လေ့ကျင့်သင်ကြားပေးလျက်ရှိသဖြင့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်သည့် တက္ကသိုလ်ဖြစ်သည့်အတွက် တက္ကသိုလ်၏ ကောင်းမွန် သည့် အစဉ်အလာများကို အားလုံးဝိုင်းဝန်းထိန်းသိမ်းသွားကြရန်၊ မိမိတို့တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များသည် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြားသောတက္ကသိုလ်များ၏ စံချိန်စံညွှန်းများနှင့် တူညီစေရန် ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီစေရေး ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ နေ့လည်စာ သုံးဆောင်နေမှုများအား ကြည့်ရှုစစ်ဆေးကာ ဖွံ့ဖြိုးရေးတက္ကသိုလ်အတွင်းရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောက်လုပ်နေမှုအခြေအနေများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ခံများအား အရည်အသွေးပြည့်ဝပြီး ခံယူချက် မှန်ကန်စွာဖြင့် မိမိတို့ လုပ်ငန်းအတွက် တာဝန်ယူပြီး လုပ်ငန်းအပေါ် အကောင်းဆုံးဖြစ်စေရန် သိက္ခာရှိစွာ ဆောင်ရွက်မည့် လုပ်ငန်းရှင်များကို စနစ်တကျ ရွေးချယ် လုပ်ငန်းအပ်နှံထားသည့် အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးမည်ဟု ယုံကြည်ပါကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေ့လည်ပိုင်းတွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) သို့ သွားရောက်၍ ကျောင်းအုပ်ကြီးနှင့် ပါမောက္ခဌာနမှူးများနှင့် တွေ့ဆုံကာ တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများအနေဖြင့် စည်းလုံး ညီညွတ်စွာ နေထိုင်ကြလျက် စည်းကမ်းကောင်းသော၊ အကျင့်စာရိတ္တကောင်းမွန်သော ယုံကြည်ချက် ခံယူချက်ပြည့်ဝပြီး မိမိတို့ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည် တာဝန်ထမ်းဆောင်လိုစိတ်ရှိသောတပည့်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန် မှာကြားခဲ့ပါသည်။ ယင်းနောက် ကျောင်းဝင်းအတွင်းရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး၍ စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီ ပြီးစီးရေး မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။