နေပြည်တော်၊ ဇူလိုင်လ ၁၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် ကယားပြည်နယ်လွှတ်တော် ဖရူဆိုမဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးခင်မောင်ထွန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် (၁၆-၇-၂၀၁၉) ရက်နေ့တွင် ကယားပြည်နယ် ဖရူဆိုနှင့် ဘောလခဲ မြို့နယ်များအတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ရာ နံနက်ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဖရူဆို မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများ၏ ဖရူဆို မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်း တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေး ခဲ့ပြီး ရုံးဝင်းအတွင်း တည်ဆောက်လျက်ရှိသော (၂) ခန်းတွဲ (၂) ထပ် ဝန်ထမ်းအိမ်ရာ ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဖရူဆို-လောထောတနော-ဒိုးပရယ် လမ်း (၂/၃) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းခွင်သို့ လည်းကောင်း၊ ဟိုယာ-ရီခီးဘူး လမ်း (၁/၆) မိုင် လမ်း တာချဲ့ခြင်းလုပ်ငန်း နှင့် (၂/၂) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ခွင်သို့ လည်းကောင်း အသီးသီး ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာကုမ္ပဏီများ၏တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်း ဆောင်ရွက်မှု ရှင်းလင်း တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်ကာလ အတွင်းပြီးစီးရေး၊ အရည်အသွေး စံချိန်စံညွှန်း ကောင်းမွန်စေရေး၊ ရေစီးရေလာကောင်းရန် အတွက် ရေနှုတ်မြောင်းများနှင့် လမ်းပခုံးများကို စနစ်တကျ ဆောင်ရွက်သွားရေး မှာကြားခဲ့ပြီး လမ်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများအား မော်တော်ယာဉ်ဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရီခီဘူးကျေးရွာတွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်နေသည့် တန်ဖိုးနည်းအိမ်ရာ (၂၀) လုံး ဆောက်လုပ် ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ရီခီးဘူးဒေသ အတွင်းရှိ ကျေးရွာ (၁၀) ရွာ မှ မူလတန်းကျောင်းများတွင် လိုအပ်လျက်ရှိသည့် မီးလိုင်းတပ်ဆင်ခြင်းနှင့် အခြားသော လိုအပ်ချက်များ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဘောလခဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး မှ ဘောလခဲခရိုင် အတွင်း ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များ တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့သည်။ ထို့နောက် ဝန်ထမ်းများနှင့် တွေ့ဆုံကာ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဆင့်ကဲ တာဝန်ယူ တာဝန်ခံမှုဖြင့် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆက်စပ် ဌာနဆိုင်ရာများ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များ နှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နိုင်ငံတော်၏ ခွင့်ပြုတန်ဖိုးဖြင့် သတ်မှတ် စံချိန်စံညွှန်းအရည်အသွေး ရရှိအောင် ကြိုးပမ်း ဆောင်ရွက် ရေးတို့ကို အသေးစိတ် ရှင်းလင်း မှာကြားခဲ့သည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘောလခဲ) သို့ ရောက်ရှိခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စားဖိုဆောင်များနှင့် စာကြည့်တိုက် တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီး၏ တင်ပြချက်အပေါ် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးခဲ့ကြောင်း သတင်းရရှိသည်။