နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းသည် ယနေ့ညနေ (၃) နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျ ကျန်နေခဲ့သည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နယ်စပ်ဒေသ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘိန်းအစားထိုး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆိုင်ရာများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။