နေပြည်တော် ဇူလိုင် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa သည် ယနေ့မွန်းလွဲ (၁) နာရီတွင် လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနတိုင်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ဒုတိယ အုပ်ချုပ်ရေးမှူး Ms. Cun Min ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် (၁၀) နာရီတွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံသည်။
ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa နှင့်တွေ့ဆုံရာတွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အလားတူတရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနတိုင်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Ms. Cun Min ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘိန်းအစားထိုး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆိုင်ရာများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲ အသီးသီးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။