ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ OCHA Donor Support Group (ODSG) အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဧပြီလ ၂၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ OCHA Donor Support Group (ODSG) အဖွဲ့သည် ယနေ့နေ့လည် (၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ ပူးပေါင်း၍ နယ်စပ်ဒေသများရှိ IDPs များအား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်တုန့်ပြန်မှုဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် လက်ရှိတည်ငြိမ်အေးချမ်း မှုအား ပိုမိုကောင်းမွန်လာစေရန်အတွက် နိုင်ငံတော်အစိုးရက လတ်တလော အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရေရှည်ဆောင်ရွက်သွားမည့် အစီအမံများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက် လူ့အဖွဲ့အစည်း ရေရှည်သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက် နေမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် (OCHA) တို့ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကဏ္ဍများတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
    အဆိုပါ တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊  အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။