နေပြည်တော် ဇွန်လ ၂၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Scot Marciel သည် ယနေ့နေ့လည် (၂) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသ များရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ တိုင်းရင်းသား/တိုင်းရင်းသူများ၏ အတွေ့အကြုံ၊ ဗဟုသုတအမြင်များ ပြည့်စုံစေရေးအတွက် ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နယ်စပ်ဒေသများရှိ IDPs များနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုအခြေအနေများ၊ ဝန်ကြီးဌာန၏ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး ကိစ္စရပ်များ၊ နယ်စပ်ဒေသအတွင်း မူးယစ်ဆေးဝါး လျော့ပါးရေး ဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်၍ ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။