
စစ်တွေ သြဂုတ် ၁၃
ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်တည်ငြိမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးကြ သည်။
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် နယ်စပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီး ဖုန်းတင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာတို့သည် နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေးရံပုံငွေဖြင့် မောင်တောခရိုင် ကျောက်ပန္ဒူကျေးရွာ၌ တည်ဆောက်လျက် ရှိသည့် တန်ဖိုးနည်းအိမ်ရာ အလုံး(၁၀၀) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောက်ပန္ဒူကျေးရွာ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများအတွက် လိုအပ်ချက်များကို ဒေသခံ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးများကပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရံပုံငွေ ကျပ်သန်း ၆၅၀ ဖြင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူတည်ဆောက်နေ ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ကျောက်ပန္ဒူကျေးရွာသူ ကျေးရွာ သားများကို ရင်းရင်းနှီးနှီး တွေဆုံအားပေးပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရွာသူ ရွာသားများအတွက် အက်ဖ်အမ်ရေဒီယို အလုံး ၂၅၀ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ် ဆတ်ရိုးကျ မြို့သစ် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကြည့် ရှုစစ်ဆေးကြပြီး ဆတ်ရိုးကျမြို့သစ်လျှပ်စစ်မီးရရှိရေး အတွက် မီတာဘောက်စ် တပ်ဆင်ရန် တစ်အိမ်ထောင်လျှင်ငွေကျပ် တစ်သိန်းနှုန်းဖြင့် အိမ်ထောင်စု ၆၆၇ အိမ်အတွက် ငွေကျပ် ၆၆၇ သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် သက္ကေပြင်နှင့် ဒါးပိုင် IDP ( Internally Displaced Person)စခန်းများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ညနေပိုင်းတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရခိုင်ပြည်နယ် အစိုးရ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခများကို တည်ငြိမ်အေးချမ်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အသီးသီးဆွေးနွေးတင်ပြကြသည်။
သတင်းနှင့်ဓာတ်ပုံ အေဝမ်းစိုး၊ မျိုးသူဟိန်း