တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်သည့် အခါ ပြည်ထောင်စုသားများအားလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ရမည်

နေပြည်တော် နိုဝင်ဘာလ ၂၈ ရက်

     နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

     အစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်နိုင်ငံလုံးနှင့်ဆိုင်သည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည်တစ်တိုင်းပြည်လုံး၏ ဖွံ့ဖြိုးတိုးတက်မှု ဟုလည်း ပြော၍ရပါကြောင်း၊ မိမိတို့ဦးတည်ချက်သည် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဖြစ်သည့် တိုင်းရင်းသားများအားလုံးပါဝင်သည့် ညီညွတ်သည့်နိုင်ငံတော်တစ်ခု ဖြစ်မြောက်ရေးနှင့် ခိုင်မြဲရေး ပင်ဖြစ်ပါကြောင်း။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးရေးကိုကြည့်မည်ဆိုပါက အဘက်ဘက်ကကြည့်ရမည်ဖြစ်ပါကြောင်း၊ပထမအရေးအကြီးဆုံးသည်စည်းလုံးညီညွတ်မှုဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်မှုမရှိဘဲဖွံ့ဖြိုးတိုးတက်မှုသည် မည်သို့မျှရရှိနိုင်မည် မဟုတ်ပါကြောင်း။ ဒုတိယအရေးကြီးဆုံးသည် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို ထိန်းသိမ်းသွားရန် ခက်ခဲပါကြောင်း၊ ထို့ကြောင့် ယင်းအချက်နှစ်ချက်ကို ဟန်ချက်ညီညီ အကောင်အထည်ဖော်ရန်သည် ဗဟိုကော်မတီ၏ တာဝန်ဟုပြော၍ရပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် သူ့တာဝန်နှင့်သူရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း သူ့တာဝန်နှင့်သူရှိပါကြောင်း၊ လုပ်ငန်းများအားလုံးကိုပူးပေါင်းပြီးဆောင်ရွက်နိုင်ရန် မိမိတို့ဗဟိုကော်မတီက ဝိုင်းဝန်းပြီးကူညီပေးရန်လိုအပ်သည်ဟုမြင်ပါကြောင်း။

     ယခုအစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက မိမိတို့၏စိုးရိမ်မှုများနှင့် လိုအပ်ချက်များကို တင်ပြ၍ရပါကြောင်း၊ ဗဟိုဘက်မှလည်းတစ်တိုင်းပြည်လုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြင့်လာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် မည်သို့ဆောင်ရွက်ရမည်ကိုမိမိတို့ဘက်က အကြံဉာဏ်ပေးနိုင်ပါကြောင်း၊ ယင်းကိစ္စရပ်များသည် နှီးနှောဖလှယ်၍ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း၊ ခြုံငုံ၍ပြောရမည်ဆိုပါကတိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်သည့်အခါ နိုင်ငံသူ၊နိုင်ငံသားများ၊ ပြည်ထောင်စုသားများအားလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ရမည်ဖြစ်ပါကြောင်း။

    မိမိအနေဖြင့် ရေတို ရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်သွားရန်ဆန္ဒရှိပါကြောင်း၊ ရေရှည်စီမံကိန်းကိုသာ စဉ်းစားပါက ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သည်ကိုတွေ့ရပါကြောင်း၊ ရေတိုစီမံကိန်းကိုသာ စဉ်းစားပါကလည်း ဆက်လက်ခိုင်မာစေရန်နှင့် ဆက်လက်ပြီးဖွံ့ဖြိုးမှုကိုထိန်းသိမ်းသွားရန် အခက်အခဲရှိ ပါကြောင်း၊ ရေတိုရေရှည်စီမံကိန်းများ ဆောင်ရွက်သည့်နေရာတွင်လည်း ဆက်စပ်မှုရှိရန်လိုအပ်ပါကြောင်း၊ အဖွဲ့ဝင်အားလုံးသည် ရေတိုရေရှည်စီမံကိန်းများအနေဖြင့် မည်သည့်ကဏ္ဍများကို လုပ်သင့်သည်ကို စဉ်းစားပြီး ဝိုင်းဝန်းအကြံပေးရန် လိုအပ်ပါကြောင်း။ ယခုအစည်းအဝေးတွင် ဦးတည်ဆုံးဖြတ်လိုသည်မှာ ဗဟိုကော်မတီသည် ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့်ပုံစံဖြင့် ဆောင်ရွက်ပေးရန် လိုအပ်သည်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များက တင်ပြစေလိုပါကြောင်း၊ တင်ပြချက်များအပေါ်အခြေခံ၍ ဗဟိုအစိုးရက မည်သို့ပံ့ပိုးပေးရမည်ကို ဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဗဟိုအစိုးရအကြားတွင် ပူးပေါင်းဆောင်ရွက်မှုသည် မျှော်လင့်သလောက်၊ လိုချင်သလောက်ပီပီပြင်ပြင် မရှိဘဲဖြစ်နေပါကြောင်း။

     ထို့ကြောင့် စဉ်ဆက်မပြတ် ထိတွေ့မှုရှိစေရန် အလုပ်များဆောင်ရွက်ရာတွင်တစ်ဖက်နှင့်တစ်ဖက်ဆက်သွယ်၍ ဆွေးနွေးသင့်သည်များကို မြန်မြန်ဆွေးနွေးပြီး ဆုံးဖြတ်သင့်သည်များကို မြန်မြန်ဆုံးဖြတ်နိုင်ရန် ဆောင်ရွက်နိုင်မည့်အကောင်းဆုံးနည်းလမ်းကို ဆွေးနွေးအကြံပြုစေလိုပါကြောင်း။ အရေးကြီးဆုံးကိစ္စမှာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မည်သည့်ပုံစံဖြင့် ပံ့ပိုးပေးနိုင်မည်၊ မည်သည့်ပုံစံဖြင့် တွန်းအားပေးနိုင်မည်၊ မည်သည့်ပုံစံဖြင့်ဖြည့်ဆည်းပေးနိုင်မည်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက အကြံပြုချက်များပေးစေလိုကြောင်း၊ အဆိုပါအကြံပြုချက်များ အပေါ်အခြေခံ၍ NRPC နှင့်ဗဟိုကော်မတီတို့ မည်သို့ပူးပေါင်းဆောင်ရွက်နိုင်မည်ကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

    ဗဟိုကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ဗဟိုကော်မတီဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များ၊ မူဝါဒ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်၊ သမိုင်းကြောင်းနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

     ယင်းနောက် ဗဟိုကော်မတီအဖွဲ့ဝင် ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

     ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းဆွေးနွေး ချက်များအပေါ် ပြန်လည်သုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းပေးပြီးလိုအပ်သည်များကို လမ်းညွှန်မှာ ကြားသည်။