(၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းဖွင့်ပွဲနှင့် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မော်လမြိုင်  မတ်  ၁၉
   ၂၀၂၂ ခုနှစ် (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းဖွင့်ပွဲ၊ မွန်ပြည်နယ်နေ့  အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ  ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
   အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးနှင့် မန်းငြိမ်းမောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ် ဂုဏ်ဆောင်ဆုရရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
   ရှေးဦးစွာ(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများကို  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးနှင့်    မန်းငြိမ်းမောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ခင်းကျင်းပြသထားသော ပြခန်း ၅၃ ခန်းကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
   ထို့နောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဆက်လက်ကျင်းပရာ   သဘာပတိ အဖွဲ့ဝင်များအဖြစ် မွန်ပြည်နယ်ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်း၊ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊   ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်တို့က ဆောင်ရွက်ကြပြီး တက်ရောက်လာသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။ 
   ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက ဖတ်ကြားသည်။
   ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။
  ဆက်လက်၍   ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊    ပြည်နယ်ဝန်ကြီးတို့က (၄၈)နှစ်မြောက်   မွန်ပြည်နယ်နေ့ အထိမ်းအမှတ်   ပြည်နယ်ဂုဏ်ဆောင် ထူးချွန်သူများဖြစ်သည့် စီးပွားရေးထူးချွန်ဆု၊ စက်မှုလက်မှု ထူးချွန်ဆု၊ မွေးမြူရေးထူးချွန်ဆု၊ စိုက်ပျိုးရေးထူးချွန်ဆု၊ စီမံခန့်ခွဲရေးထူးချွန်ဆု၊ ဝန်ဆောင်မှု ထူးချွန်ဆု၊ ပညာရေးနှင့် ကျန်းမာရေးထူးချွန်ဆု၊ လူမှုရေးထူးချွန်ဆု၊  သဘာဝပတ်ဝန်းကျင်ထူးချွန်ဆု၊  သုတေသနလုပ်ငန်းထူးချွန်ဆု၊ လုံခြုံရေး  အေးချမ်းသာယာရေးနှင့်ဥပဒေစိုးမိုးရေး ထူးချွန်ဆုရရှိသူ စုစုပေါင်း ၅၁ ဦးကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
   ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က  ပြည်နယ်အတွင်းရှိ ကျေးရွာများ   မီးလင်းရေးလုပ်ငန်းတွင် အသုံးပြုရန် ဆိုလာ အစုံ ၁၀၀ ကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။
   ဆက်လက်၍ မုဒုံမြို့နယ် မွန်ယဉ်ကျေးမှုအဖွဲ့က မွန်တို့အားမာန် (မွန်ဘာသာ) တေးသီချင်း ဖြင့်လည်းကောင်း၊  ကျိုက်မရောမြို့နယ် ကရင်ယဉ်ကျေးမှုအဖွဲ့က စုပေါင်းညီညာအောင်ကြောင်းဖြာ (ကရင်ဘာသာ) တေးသီချင်းဖြင့်လည်းကောင်း၊ ပေါင်မြို့နယ် ပအိုဝ်းယဉ်ကျေးမှုအဖွဲ့က ယဉ်ကျေးမှု ကိုထိန်းသိမ်းပါ (ပအိုဝ်းဘာသာ) တေးသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေ တင်ဆက်ကြပြီး တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ 
   မွန်ပြည်နယ်သည် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှုရှိရေး၊ စကား၊ စာပေ၊ အနုပညာ၊  ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ၊ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload