“ မကြာခင်မှာ ကျောင်းသား၊ ကျောင်းသူတွေကို စာပေပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမများ ဖြစ်လာကြတော့မယ့် မောင်တို့၊ မယ်တို့ အနေနဲ့ ပညာသင်ကြားရေးနယ်ပယ်မှာ ‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့’ ဆိုတဲ့ ဆရာ ကျင့်ဝတ်များနှင့်အညီ အနာဂတ် သားကောင်းရတနာတွေကို မွေးထုတ်ပေးနိုင်မယ့် အာစရိယ ဂုဏ်မြောက် ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားသွားကြဖို့လိုပါတယ်”
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ မင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပညာရေးဘွဲ့ ၅ နှစ်သင်တန်း၊ အမှတ်စဉ် (၅) သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံရာတွင် မြွက်ကြားသည့် ဩဝါဒအမှာ စကားမှ ကောက်နှုတ်ချက်ဖြစ်သည်။
အဆိုပါ အာစရိယဂုဏ်မြောက် ပဲ့ကိုင်ရှင်များသည်ကား ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)မှ ၅ နှစ်ကြာ လေ့ကျင့်ပျိုးထောင်ပေးလိုက်သော နယ်စပ်ဒေသအသီးသီးမှ ပြည်ထောင်စုတိုင်းရင်းသား လူငယ် မောင်မယ်များပင်ဖြစ်သည်။
မိမိတို့ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်သော နိုင်ငံ ဖြစ်သည်။ “မြန်မာ” ဟူသောဝေါဟာရသည် မျိုးနွယ်စုများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ကျန်တိုင်းရင်းသားမျိုးနွယ်စုအားလုံးကို ခေါ်ဆိုခြင်းဖြစ်သည်။ တိုင်းရင်းသားအားလုံးတို့သည် နိုင်ငံတော်အပေါ်ကျရောက်လာသည့် အခက်အခဲများကို စုပေါင်း အားဖြင့် လက်တွဲတွန်းလှန် ကာကွယ်ခဲ့ကြသကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်မှု စွမ်းအားတို့ဖြင့် စည်ပင်ဝပြောသည့် နိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့ကြသည်။ တိုင်းရင်းသား မျိုးနွယ်စုအချင်းချင်း အပြန်အလှန်လေးစားယုံကြည်မှု၊ ရင်းနှီးချစ်ကြည်မှု၊ နားလည်ခွင့်လွှတ်မှု၊ စည်းလုံးညီညွတ်မှုတို့သည် ပြည်ထောင်စု၏ အသက်သွေးကြောပင်ဖြစ်သည်နှင့်အညီ အဆိုပါ စိတ်ဓာတ်များကို ပြုစုပျိုးထောင် ရှင်သန်စေနိုင်သော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ သမိုင်းကြောင်းကို အကျဉ်းမျှ တင်ပြလိုပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သည် ၁၉၆၄ခုနှစ်တွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်။ “တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို အလေးထား ဆောင်ရွက်ပေးနိုင်သော ပညာရေးဝန်ထမ်းကောင်းများ လေ့ကျင့်ပျိုးထောင်ပေး နိုင်ရန်” ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့တိုးမြှင့်ခဲ့သည်။ တက္ကသိုလ်အား တည်ထောင်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် ၅ ရပ်ရှိပြီး အဆိုပါရည်ရွယ်ချက် ၅ ရပ် တွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်ဟူသော အချက် အပါအဝင်ဖြစ်ပါသည်။
ဖွံ့ဖြိုးရေးတက္ကသိုလ်သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဟူသော တိုင်းရင်းသား လူငယ်မောင်မယ်များအတွက် အဆင့်မြင့်ပညာများဆည်းပူးရာ ပြည်ထောင်စု ကျောင်းတော်ကြီးဖြစ်သည်။ တိုင်းရင်းသား လူငယ်မောင်မယ်များ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လူမှုရေးကစ၍ နိုင်ငံတော်က လိုလေသေးမရှိ အခမဲ့တာဝန်ယူ စောင့်ရှောက် ပေးထားပါသည်။ ကျောင်းအိပ်ကျောင်းစားဖြစ်ပြီး အိပ်ဆောင်တိုင်းတွင် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြရသဖြင့် နေထိုင်ရာအဝန်းအဝိုင်းသည်လည်း ပြည်ထောင်စုလေးသဖွယ်ဖြစ် နေသည်။ အိပ်ဆောင်များအား ကချင်၊ ကယား၊ ကရင်၊ ချင်း စသော တိုင်းရင်းသားမျိုးနွယ်စု နာမည်များ၊ မြန်မာနိုင်ငံ၏ အထင်ကရမြစ်များ စသည်ဖြင့် မှည့်ခေါ်ထားပါသည်။ ဖွံ့ဖြိုးရေး တက္ကသိုလ်၏ ထူးခြားချက်သည် Guardian စနစ်ဖြစ်သည်။ Senior အစ်မကြီးက မွန်တိုင်းရင်းသူ ဖြစ်ကောင်းဖြစ်မည်။ Junior ညီမငယ်က ကရင် တိုင်းရင်းသူ ဖြစ်ကောင်းဖြစ်မည်။ မတူညီသော ဓလေ့၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုများမှ မောင်နှစ်မအရင်း၊ ညီရင်းအစ်ကို သံယောဇဉ်မျိုးဖြင့် တူညီသောတန်ဖိုးများကို မွေးဖွားပေးနိုင်ခဲ့သည်။
၎င်းတန်ဖိုးများသည် ပြည်ထောင်စုစိတ်ဓာတ်၏ အခြေတည်ရာဖြစ်သည်။ Junior ညီငယ်ဖျားလျင် Senior အစ်ကိုကြီး ညမအိပ်တော့၊ Senior အစ်ကိုအလုပ်များလျင် ဝိုင်းဝန်းကူညီပေးသူက Junior ညီငယ်ဖြစ်သည်။ အမုန်းတရားများမရှိ၊ နှိုင်းယှဉ်မှုများမရှိ၊ သံယောဇဉ်တရားများဖြင့် ခိုင်ကျည်ထားသော ပြည်ထောင်စုလေးတွင် သူတို့ရှင်သန် ပျော်ရွှင်စွာ ပညာဆည်းပူးကြသည်။ သူတို့တစ်တွေအား နည်းပေး၊ လမ်းပြသွန်သင်ဆုံးမသူ ဆရာ၊ ဆရာမများ သည်လည်း တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံက သူတို့၏ Senior အစ်ကိုကြီး၊ အစ်မကြီးများ ပင်ဖြစ်သည်။
ဤကျောင်းတော်ကြီးတွင် တိုင်းရင်းသားအသီးသီး၏ ဘာသာစကား၊ ရိုးရာဓလေ့စရိုက်များအား သင်ကြားဖလှယ်ခွင့်ရရှိကြသည်။ မည်သည့် တိုင်းရင်းသား၊ တိုင်းရင်းသူဖြစ်စေ နှစ်သက်ရာ တိုင်းရင်းသားဘာသာစကား သင်ယူနိုင်သည်။ ဓလေ့စရိုက်များ လေ့လာနိုင်သည်။ ရိုးရာဝတ်စုံများ လဲလှယ်ကာ ဓာတ်ပုံရိုက်ကြသည်။ ရိုးရာမုန့်များတစ်လှည့်စီ ပြုလုပ်၍ မြိန်ရည် ယှက်ရည် စားကြသည်။ သူတို့တစ်တွေသည် ပြည်ထောင်စုသားဖြစ်ကြ၍ ဂုဏ်ယူဝင့်ကြွား ကြသည်။ သူတို့တစ်တွေသည် မြန်မာနိုင်ငံသားဖြစ်၍ ဂုဏ်ယူဝင့်ကြွားကြသည်။ “စည်းလုံးခြင်း သည် အင်အား” ဟူသည် ဖွံ့ဖြိုးရေးတက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည်။ သံယောဇဉ်တရားက စည်းလုံး ညီညွတ်ရေးအားကို အလိုအလျောက်ရရှိစေသည်။
ဤကျောင်းတော်ကြီးတွင် သင်ကြားရေးဘာသာရပ်ဌာန ၂၁ ဌာနဖြင့် သင်ကြား ပို့ချမှုဆိုင်ရာနှင့်အခြေခံဘာသာရပ်များ၊ ဝိဇ္ဇာဘာသာရပ်များ၊ တွဲဖက်သင်ရိုးညွှန်းတမ်းဘာသာရပ် များနှင့် အထူးတွဲဖက်သင်ရိုး ညွှန်းတမ်းဘာသာရပ်များ သင်ကြားကြရသည်။ အထူးတွဲဖက် သင်ရိုးညွှန်းတမ်းဘာသာရပ်များတွင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် စာရိတ္တပညာ၊ တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှု ဘာသာရပ်များ ပါဝင်သည်။ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ဘာသာရပ်များပါဝင်သည်။ သို့သော် စည်းလုံးညီညွတ်ရေးဟု အတင်းတိုက်တွန်း နေစရာမလို၊ နှစ်ကာလများစွာ အတူတူ နေထိုင်ရှင်သန်ခဲ့ကြသော ဤကျောင်းတော်သူ ကျောင်းတော်သားများ၏ သံယောဇဉ်သည် ရေကိုသား၍ ကြားမထင် ကဲ့သို့ ရှိကြပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သည် စတင်ဖွင့်လှစ်ခဲ့သော ၁၉၆၄ ခုနှစ်မှစ၍ မဟာပညာရေးဘွဲ့ ၁၃၁ ဦး၊ မဟာဒဿနပညာရေးဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၅၈၆ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး အလယ်တန်းဆရာအတတ်ပညာဒီပလိုမာ ၉၅၆ ဦး၊ အထူးမူလတန်း ဆရာအတတ်သင်တန်း ၄၆၁ ဦး၊ မူလတန်းဆရာအတတ်သင် ၇၆၁၂ ဦး၊ စုစုပေါင်း ၁၄၂၆၃ ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ဆရာ၊ ဆရာမများ အဖြစ်သာမက ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာကျွမ်းကျင်ပညာရှင်များ၊ သူနာပြု ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ အကြီးအကဲများလည်း ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စုကြီး၏ အရည်အသွေး မြင့်မားသော လူ့စွမ်းအား အရင်းအမြစ်များပင်ဖြစ်သည်။
ဤအရင်းအမြစ်များ၏ ပထမနှစ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော မြန်မာပြည်အနှံ့ နယ်စွန်နယ်ဖျားဒေသအသီးသီးမှ တိုင်းရင်းသား၊တိုင်းရင်းသူများကို အဓိကထား ရွေးချယ်ခြင်းဖြစ်သည်။ မိဘမရှိသူ (သို့မဟုတ်) မိခင်မရှိသူ (သို့မဟုတ်) ဖခင်မရှိသူ ဆင်းရဲ နွမ်းပါးပြီး ပညာလိုလားသူများအား ဦးစားပေးရွေးချယ်ခြင်းဖြစ်သည်။
ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများသည် ကျောင်းသားဟောင်းများအသင်းဟူ၍ ဖွဲ့စည်းထားရှိသည်။ ကျောင်းသားဟောင်းများသည် သူတို့အား မွေးဖွားရှင်သန်စေခဲ့သော ကျောင်းတော်ကြီးကို နှစ်စဉ်နှစ်တိုင်း အလွမ်းပြေလာကြည့်သည်။ သူတို့စိုက်ပျိုးခဲ့သော သစ်ပင် ကြီးများအောက် အရိပ်ခိုကြသည်။ ရောက်ရှိလာကြသော တိုင်းရင်းသား၊ တိုင်းရင်းသူ ကျောင်းသားဟောင်းကြီးများ အချင်းချင်းလက်တွဲ၍ ဓာတ်ပုံရိုက်ကြသည်မှာ အလွန်လှပ ကြည်နူး ဖွယ်ရာမြင်ကွင်းဖြစ်သည်။ သူတို့တစ်တွေသည် သူတို့ချစ်သော ပြည်ထောင်စု ကျောင်းတော်ကြီး ကို ပြန်လည်စောင့်ရှောက်ကြသည်။ တနည်းအားဖြင့် သူတို့ချစ်သော ပြည်ထောင်စုကြီးကို လက်ချင်းချိတ်ကာကွယ်စောင့်ရှောက်ရင်း မျိုးဆက်သစ်များကို လက်ဆင့်ကမ်း အမွေပေးကြ သည်။ သူတို့တစ်တွေ၏ လက်ဆင့်ကမ်းအမွေများကို သယ်ဆောင်ရင်း ပညာရေးဘွဲ့ ၅ နှစ် သင်တန်း အမှတ်စဉ် (၅)မှ ကျောင်းသား ကျောင်းသူ ၂၀၅ ဦးသည်လည်း သူတို့ကဲ့သို့ပင် နိုင်ငံတော်၏ တာဝန်ကိုကျရာနေရာ ကျရာကဏ္ဍအသီးသီးတွင် ထမ်းဆောင်ရင်း အာစရိယ ဂုဏ်မြောက် ပဲ့ကိုင်ရှင်များဖြစ်ကြပေတော့မည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ မင်းအောင်လှိုင်ထံမှ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်း ကျောင်းသား ကျောင်းသူများ၏ ဩဝါဒခံယူပွဲတွင် ကျောင်းသား ကျောင်းသူများ ကိုယ်စား ရခိုင်တိုင်းရင်းသား ကျောင်းသား တစ်ဦးမှလည်း ဂါရဝပြုတင်ပြခဲ့သည်။
“သားတို့ သမီးတို့ရဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းအားနဲ့သာ အဓိက ထားတည်ဆောက်ကြရမယ်ဆိုတာ နားလည်ခဲ့ရပါတယ်။ ပြည်တွင်းပြည်ပ အင်အားစု အသီးသီးရဲ့ နှောက်ယှက်တိုက်ခိုက် ဖျက်စီးမှုတွေ ဘယ်လိုပင်ရှိနေပါစေ သားတို့ သမီးတို့ တစ်တွေဟာ အမိ ဖွံ့ဖြိုးရေးတက္ကသိုလ်၏ သား သမီးများပီသစွာ နိုင်ငံအတွက် အရေးကြီးတဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို သားတို့ သမီးတို့ တာဝန်ကျရာ ဒေသက တိုင်းရင်းသား ပြည်သူများနဲ့ မျိုးဆက်သစ် လူငယ်တွေအကြား ထွန်းကားပြန့်ပွားအောင် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားပါမည် ခင်ဗျာ”
အမိနိုင်ငံတော်ကြီးအတွက် မျိုးဆက်သစ် တိုင်းရင်းသားလူငယ်များ၏ အားရကျေနပ်စရာ ကတိကဝတ် ဖြစ်သည်။
မည်သို့ပင်ဆိုပေ ပြည်ထောင်စုကြီး၏ ပြည်ထောင်စုကျောင်းတော်ဖြစ်သော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)မှ မွေးဖွားသန့်စင်ပေးလိုက်သည့် အာစရိယ ဂုဏ်မြောက်ပဲ့ကိုင်ရှင်များသည် ရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆိုသည့်အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးစီးပွားများ အတွက် ကျရာတာဝန်များကို တစ်ထောင့်တစ်နေရာမှ ကျေပွန်စွာ ထမ်းဆောင်ကြပါမည်ဟု ယုံကြည်ရင်း ဖွံ့ဖြိုးရေးတက္ကသိုလ်ဆင်း ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုရေးသား လိုက်ရပါသည်။