အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၃
    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမူ အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ (၃) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အစည်းအဝေးတွင် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် မှ အဖွင့်အမှာစကားပြောကြားရာ၌ အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် နောင်တရားဒေသရှိ ပေါ့အင်ကျေးရွာအုပ်စု၊ မွှေးပြင်ကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စုများ၌ အစားထိုးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ ရှေ့ပြေးစီမံကိန်း လုပ်ငန်းအား ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရှေ့ပြေးစီမံကိန်း လုပ်ငန်းများ ဆန်းစစ်ခြင်းအဖွဲ့နှင့် ရှေ့ပြေးစီမံကိန်း လုပ်ငန်းစဉ်ဆက်မပြတ် စီစစ်ခြင်းအဖွဲ့များအား ထပ်မံဖွဲ့စည်းဆောင်ရွက်လျှက် ရှိပါကြောင်း၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့တွင် ပါဝင်သည့် ဦးစီးဌာနများ အနေဖြင့်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ အသီးသီးအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ရှေ့ပြေးစီမံကိန်းအနေဖြင့် (၃) နှစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်းတစ်ရပ်ဖြစ်သဖြင့် သက်ဆိုင်ရာဌာနများမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည့် လျာထားလုပ်ငန်းများ၊ လျာထား ရန်ပုံငွေများကိုလည်း တင်ပြကြစေလိုကြောင်း၊ စီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် စီစစ်ခြင်းအဖွဲ့အနေဖြင့် အခြေခံ အချက်အလက်များအား စီမံကိန်းဒေသများသို့ မကြာမီကွင်းဆင်း စစ်ဆေးမည်ဖြစ်၍ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် စီမံကိန်းလုပ်ငန်းများအနေဖြင့် ဒေသ၏လူမှုစီးပွားဘဝ မြင့်မားရေးနှင့် ဒေသခံပြည်သူလူထုအတွက် အမှန်တကယ် အသုံးဝင်သည့် လုပ်ငန်းများဖြစ်ရန် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့အောက်ရှိ ဌာနအသီးသီးမှ ကိုယ်စားလှယ်များမှ ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်  လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး တင်ပြကြပါသည်။
    ဆွေးနွေးချက်များအပေါ် နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ ညှိနှိုင်း အစည်းအဝေးအား ရုတ်သိမ်းခဲ့ပါသည်။
    အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့တွင် ပါဝင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။