အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်လှစ်

ဆီဆိုင်၊ အောက်တိုဘာ-၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်)၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ယခုလို အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်ပေးထားခြင်းဖြင့် နယ်စပ်ဒေသနှင့် မြေပြန့်ဒေသရှိ အမျိုးသမီးများအနေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုများ၊ ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုများ၊ ကိုယ်ပိုင်လက်မှု အတတ်ပညာများဖြင့် မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကျောင်းမှ အသက် မွေးဝမ်းကျောင်းပညာနှင့် ဗဟုသုတများကို ထူထူးချွန်ချွန် တတ်မြောက်အောင် လေ့လာသင်ယူကြပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဆိုက်ခေါင်) ကျောင်းအုပ်  ဒေါ်ခင်စန်းဝင်း က သင်တန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။ 
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းမှ ခင်းကျင်းပြသထားသည့် သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုခဲ့ကြပြီး သင်တန်းသူများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသူ ၃၀ ဦး တက်ရောက်ကြပြီး သင်သန်းကာလမှာ  အောက်တိုဘာလ ၂၇  ရက်နေ့မှ မတ်လ ၂၆ရက်နေ့ အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့ လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြာင်း သိရသည်။