အစိမ်းရောင်လွင်ပြင် ဗန်းမော်ရင်ခွင် (၁)

“ကမ္ဘာမြေတွင် ကြမ်းတမ်းသောမုန်တိုင်းများ တိုက်ခတ်လေ့ရှိသည်။ ထို့အတူ ရောင်စုံပန်းများလည်း ကမ္ဘာမြေပြင်အနှံ့ပွင့်ဖူးနေကြသည်။ မုန်တိုင်းများသည် အရာရာကို ရက်စက်စွာဖျက်ဆီးတတ်၏။ ပန်းပွင့်များကား လောကကြီးကို သာယာလှပစေ၏။ ပျံ့မွှေးထုံသင်းသောရနံ့များကိုပေး၏။ ကြည်နူးမှု၊ ပျော်ရွှင်မှု၊ အေးချမ်းမှုရသများကိုလည်း ပေးစွမ်းပါသည်။”
  စာရေးသူသည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ၂၀၀၈ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ထို့ကြောင့် နေပြည်တော်- မန္တလေးမှ ဗန်းမော်သို့လည်းကောင်း၊ ဗန်းမော်မှ မန္တလေးသို့လည်းကောင်း၊ ကားလမ်း၊ ရေလမ်းဖြင့် အကြိမ်ကြိမ်ခရီးသွားရ၏။ ဒေသဖွံ့ဖြိုးရေးတာဝန် များဖြင့်လည်း ဗန်းမော်ဒေသနှင့် ပတ်ဝန်းကျင်မြို့ရွာများသို့ ဆိုင်ကယ်၊ လိုင်းကား၊ စက်လှေ၊ သင်္ဘော များဖြင့် နေရာအနှံ့နီးပါးရောက်ခဲ့ပါသည်။
    ဗန်းမော်ဒေသသည် မြင့်မားသောတောင်တန်းများ၊ ကွေ့ကောက်ရှည်လျားသောမြစ်ချောင်းများ၊ ထူထပ်သောသစ်တောများနှင့် ကျယ်ပြန့်စိမ်းလန်းသောလွင်ပြင်များကို ပိုင်ဆိုင်ထားသည်။ 
    ဗန်းမော်မြို့သည် ဧရာဝတီမြစ်အရှေ့ဖက်ကမ်းတွင် တည်ရှိသည်။
    ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်ပြီး ရှမ်းတိုင်းရင်းသားအများစု နေထိုင်ကြသည်။
    “အိုက်ခေါတော်” ဟုအမည်ရသော ရှမ်းမင်းသား နန်းစိုက်ရာဒေသလည်း ဖြစ်ခဲ့သည်။
    ရှေးဘိုးဘေးစစ်သည်တော်တို့က အမိမြေအား တိုင်းတပါးကျူးကျော်မှုရန်မှ ဟန့်တားကာကွယ်သည့် စစ်ပွဲများနှင့် တပ်မတော်က ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းခဲ့သောစစ်ဆင်ရေး အောင်ပွဲများ ဖြစ်တည်ခဲ့ရာ သမိုင်းဝင်နယ်မြေလည်းဖြစ်သည်။
    ဆောင်းရာသီတွင် မြူနှင်းများကျဆင်းတတ်၏။ စာရေးသူ ခေတ္တရောက်ခဲ့ဖူးသည့် ဂျပန်၊ ကိုးရီးယားတို့လိုတော့ ဆီးနှင်းများ မကျပေ။ တစ်ခါတစ်ရံ မီးခိုးငွေ့၊ မြူနှင်းတို့ဖြင့် မှုန်ဝေပိန်းပိတ် နေသော နံနက်ခင်းများကို ကြုံခဲ့ရသည်။ မွန်းမတိမ်းမီ ကျဲကျဲတောက်ပူသောဒဏ်ကိုလည်း ခံစားခဲ့ရ၏။ သည်းသည်းမည်းမည်းရွာသော မိုးနေ့များကိုလည်း ရှောင်လွှဲ၍မရနိုင်ခဲ့။

    သို့သော် နေရထိုင်ရသည်မှာ “ပြင်ဦးလွင်” ကဲ့သို့ပင်ဖြစ်ချေသည်။
    မေခ၊ မလိခ မြစ်ဆုံပြီးလျှင် ဒုတိယမြစ်ဆုံမှာ ဧရာဝတီမြစ်နှင့်တာပိန်မြစ်တို့ဆုံရာ ဗန်းမော်ဒေသ ဖြစ်သည်။ 
    ဝါဆိုဝါခေါင် ရေဖောင်ဖောင်လများတွင် မြစ်ရေတက်ကာ နှစ်စဉ်မြစ်ရေကြီးမှု ဖြစ်တတ်သည်။ သို့သော် ရေကျသွားချိန်တွင် နုန်းမြေများတင်ကျန်မှုကြောင့် မြေဆီမြေသြဇာ အလွန် ကောင်းမွန်သော စိုက်ပျိုးမြေအများအပြား ပေါ်ထွန်းလေ့ရှိရာ ထိုအရပ်ဒေသများအတွက် များစွာ တန်ဖိုးရှိလှပေသည်။ ဆောင်းဦး၊ ဆောင်းလယ်၊ ဆောင်းနှောင်းနှင့် နွေရာသီများတွင် အဖြူ၊ အနီ၊ အဝါ၊ အစိမ်း၊ ခရမ်း ရောပြွန်းနေသောရောင်စုံစိုက်ခင်းများဖြင့် မျက်စိတစ်ဆုံးကျယ်ပြန့်လှသော “အစိမ်းရောင်လွင်ပြင်ဒေသ” ဟု ဆိုရပေမည်။ 
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
    စာရေးသူသည် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဒေသတစ်ခုနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလတို့အား စီးမျောခံစားရင်း ဤဆောင်းပါးကို ရေး ဖြစ်ပါသည်။ အတိတ်ကာလဖြတ်သန်းမှုများသည် ပစ္စုပ္ပန်ကာလများအတွက် ကောင်းမှု၊ ဆိုးမှုကို အတုယူနိုင်ပါသည်။ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်းများက ဆောင်ရန်ရှောင်ရန် အမွေကောင်းလည်းဖြစ် သည်။ ထို့အတူ အနာဂတ်ကာလမှာ ချိုမြိန်မွှေးကြိုင်စွာ သီးပွင့်လာမည့် အသီးအပွင့်များအတွက် ရေသောက်မြစ်များဖြစ်သည်ဟုလည်း ယုံကြည်မိပါသည်။
    ၁၉၈၉ ခုနှစ်တွင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ တရားဥပဒေဘောင်အတွင်း စတင် ဝင်ရောက် လာချိန်မှစ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ပေးခဲ့ပါသည်။ စစ်ဆင်ရေး များကို တစ်ဖက်သတ်ရပ်ဆိုင်းပေးခဲ့သည်။ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ် ကမ်းလှမ်းမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။ 
    ၁၅-၁၂-၁၉၈၉ ခုနှစ်တွင် ဦးစခုန်တိန့်ယိန်း ဦးဆောင်သည့် NDA တပ်ဖွဲ့ဝင်အင်အား ၁၂၈၆ ဦးသည် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်လျက် တရားဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ ဝင်ရောက် လာသည်။ ၎င်းအဖွဲ့၏ ချီဖွေ၊ ဆော့လော်၊ ဝိုင်းမော် (မြို့နယ်မြောက်ခြမ်း) ဒေသများအား ကချင် အထူးဒေသ (၁) အဖြစ် နယ်မြေသတ်မှတ်ပေးခဲ့ပါသည်။ အလားတူ ဦးဘရန်ဆိုင်း၊ ဦးဇော်ဆိုင်း ဦးဆောင် သည့် KIO တပ်ဖွဲ့ဝင်အင်အား ၆၀၅၀ ဦး သည်လည်း ၂၄-၂-၁၉၉၄ ခုနှစ်တွင် ငြိမ်းချမ်းရေး ရယူခဲ့သဖြင့် တနိုင်း၊ ကာမိုင်း၊ မိုးကောင်း၊ မိုးညှင်း၊ အင်ဂျန်းယန်၊ မိုးမောက်၊ မံစီ၊ ဗန်းမော်၊ ဝိုင်း‌မော် (မြို့နယ်တောင်ခြမ်း) ဒေသများအား ကချင်အထူးဒေသ (၂) နယ်မြေအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ယင်းအထူးဒေသများအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းများအားရေးဆွဲ၍ အရှိန်အဟုန် ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။
    စာရေးသူ တာဝန်ထမ်းဆောင်ခဲ့သည့်ကာလများမှာ ၂၀၀၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၂ ခုနှစ်၊ ဇူလိုင် လအထိ ဖြစ်ပါသည်။ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သည့် အေးချမ်းသောကာလ ဖြစ်ပေသည်။ ထိုအချိန်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နယ်လှည့်ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးများ၊ မြို့နယ်ခွဲရုံးများအထိ ဖွင့်လှစ်ဆောင်ရွက် နေသောကာလ ဖြစ်ပါသည်။ တစ်နိုင်ငံလုံးတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မြို့နယ်ခွဲရုံးပေါင်း ၇၄ ရုံး အထိရှိခဲ့ပါသည်။ 
    ၁၉၉၃-၁၉၉၄ မှ ၂၀၁၄- ၂၀၁၅ အထိ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဗန်းမော်) အဖြစ် ဖွင့်လှစ် ခဲ့ပြီး ၂၀၁၅- ၂၀၁၆ ခုနှစ်မှစတင်၍ ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအဖြစ် ဖွဲ့စည်းပုံ ပြောင်းလဲခဲ့ပါ သည်။ ထို့ကြောင့် ဗန်းမော်သို့ စာရေးသူ ရောက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ဗန်းမော်) အမည်ဖြစ်ပါသည်။ 
ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်
    လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့လှ မြို့နယ်ခွဲများတွင် လှည့်လည်တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ တစ်ခါတစ်ရံ မန်စီ၊ ကိုက်ထိပ်တို့ကို ဖြတ်သန်းလျက် တရုတ်-မြန်မာနယ်စပ် “မံဝိန်းကြီးဒေသ” အထိပင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရဖူးသည်။ ယခုအချိန်တွင် ဗန်းမော်ခရိုင်အတွင်း မိုးမောက် မြို့နယ်ရုံး နှင့် မံစီမြို့နယ်ရုံးများ ဖွင့်လှစ်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်နေပေပြီ။
    နယ်စပ်ရေးရာဝန်ကြီးဌာနက ဗန်းမော်မြို့နယ်အတွင်း ၁၉၉၀-၁၉၉၁ ခုမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်အထိ ဒေသတွင်း အခြေခံလိုအပ်ချက်ဖြစ်သည့် လမ်းတံတား၊ ပညာရေး နှင့် စွမ်းအင်ကဏ္ဍများ အတွက် ရန်ပုံငွေကျပ် ၂၁၅၅ ဒသမ ၂၃၀ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ သည်။ ၂၀၁၈- ၂၀၁၉ ခုနှစ်တွင် စီမံကိန်းစတင်ခဲ့သည့် ဗန်းမော်ဒေသ ဧရာဝတီမြစ် အနောက်ဖက် ကမ်းရှိ နတ်ခုတ်- ဗူးတောင်း- ကျောက်အိုက်- နောင်မို ကျေးရွာချင်းဆက် မြေသားလမ်း ၁၇ မိုင် နှင့် လမ်းပေါ်ရှိ တံတားများ၊ Box Culvert များအပါအဝင် ယင်းစီမံကိန်းသည်  ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် အောင်မြင်စွာ ပြီးစီးခဲ့ သည်။ နမ့်ခုတ်၊ ဗူးတောင်း၊ ကျောက်အိုက်၊ နောင်မို၊ အောင်သာယာ၊ မံမလင်း အပါအဝင် ဒေသခံ ကျေးရွာ ၁၈ ရွာ အတွက် အထူးမှီခိုအားထားပြုရသော လမ်းမကြီးပင်တည်း။
    ဗန်းမော်မြို့နယ်နှင့်ကပ်လျက်၌ ‌ရွှေကူမြို့နယ်တည်ရှိနေသည်။ ဗန်းမော်- စင်းခန်း- ရွှေကူ မြို့နယ်ချင်းဆက်မြေသားလမ်း ၆၄ မိုင် ၂ ဖာလုံအား ၁၉၉၆- ၁၉၉၇ ခုနှစ်တွင် ဆက်သွယ် ဖောက်လုပ် ပေးခဲ့ပါသည်။ ထို့အပြင် ရွှေကူ‌ဒေသခံပြည်သူများ အမှန်တကယ်လိုအပ်သည့် လမ်းတံတား၊ ကျန်းမာရေး၊ ပညာရေး၊ သောက်သုံးရေရရှိရေး၊ သာသနာရေးနှင့် အထွေထွေလုပ်ငန်းများအတွက် ငွေကျပ် ၅၉၆ ဒသမ ၈၅၂ သန်းဖြင့် ဖွံ့ဖြိုးရေးများ ဆောင်ရွက်ပေးခဲ့သည်။ 
    ဒေသဖွံ့ဖြိုးရေးများနည်းတူ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက်လည်း ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ၁- ၈- ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော လူငယ်သင်တန်းကျောင်းနှင့်    ၁၁-၁-၂၀၀၅ ခုနှစ်တွင် ဖွင့်ခဲ့သော အိမ်တွင်းမှုသင်တန်းကျောင်းများလည်း ဗန်းမော်တွင်တည်ရှိနေပါ သည်။
ဗန်းမော်
    စိတ်ဝင်စားစရာ သမိုင်းမှတ်တမ်း၊ ရာဇဝင်များဖြင့်ပြည့်နေသော “ဗန်းမော်” သည် သမိုင်းကြောင်း ရှည်လျားစွာဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သော မြို့တစ်မြို့ဖြစ်၏။
    လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းများဖြင့် သွားရောက်နိုင်ပြီး သင်္ဘောဖြင့် အောက် မြန်မာပြည်အရပ်ရပ်သို့ ကုန်စည်စီးဆင်းရာ အချက်အချာမြို့လည်းဖြစ်သည်။
    မြစ်ကြီးနားမြို့၏တောင်ဘက် ၁၁၅ မိုင်အကွာခန့်တွင်တည်ရှိပြီး တရုတ်ပြည်နယ်စပ်နှင့် မိုင် ၄၀ ခန့်သာကွာဝေး၏။ ဧရာဝတီမြစ်၏ ပထမမြစ်ကျဉ်းနှင့် ဒုတိယမြစ်ကျဉ်း အကြားထဲ တည်ရှိနေသော မြို့လည်းဖြစ်သည်။
    “ဗန်းမော်” ဟူသော ဝေါဟာရသည် ရှမ်းဘာသာစကား “မန်မော်”မှ ကာလရွေ့လျောကာ ပြောင်းလဲလာကြောင်းသိရသည်။ မန် = ရွာ၊ မော် = အိုး ဟု အဓိပ္ပာယ်ရသဖြင့် “အိုးလုပ်သောရွာ” ဟု ခေါ်ဆိုနိုင်သည်။ ထို့ကြောင့် ဗန်းမော်တွင် အိုးလုပ်ငန်းအတွက် မြေတူးရင်း ကျင်းတွေ၊ ချိုင့်တွေ ပေါများနေခြင်းဖြစ်လိမ့်မည်ဟု တွေးမိသေးသည်။ ဗန်းမော်မြို့ဟု ဖြစ်ပေါ်လာမည့် “စမ္ပာနဂိုရ်မြို့”ကို ရှေးဦးတည်ထောင်သူမှာ “စမ္ပေယျမင်း” ဖြစ်သည်။ ထိုစမ္ပာနဂိုရ်မင်းဆက်ပျက်ပြီးနောက် စော်ဘွား “သိုလျင်ဘွား” သည် သက္ကရာဇ် ၄၀၀ ကျော်တွင် ဗန်းမော်မြို့ပြကိုတည်ထောင်သည်။ ထိုမှ အစပြု၍ ဗန်းမော်မြို့တွင် စော်ဘွား ၂၃ ဆက်သည် နှစ်ပေါင်း ၃၅၀ ခန့်အုပ်စိုးခဲ့ကြောင်း လေ့လာမှတ်သားရ ပြန်သည်။
    ဗန်းမော်မြို့ကို စတင်စေခဲ့သော စမ္ပာနဂိုရ်မင်းဆက် အထောက်အထားအဖြစ် စမ္ပာနဲ့ နဂိုရ် အရပ်တို့ ယခုအချိန်ထိတိုင်ရှိနေသည်။ သို့သော် ယခင်အမည်များ မဟုတ်တော့။ “စမ္ပာ” အမည်မှ “စံပါ”၊ “နဂိုရ်”အမည်မှ“နောင်ခို” စသောအမည်နာမများနှင့် ရပ်ကွက်အဖြစ် ပြောင်းလဲခဲ့ပေပြီ။ နောင်ခိုရပ်ကွက် သည် ရွှေကျီးနားဘုရား၊ အိုက်ခေါတော်ဘုရား သို့သွားသည့် လမ်းပေါ်တွင်တည်ရှိပြီး ၎င်းအရပ်မှ “မျှစ်ချဉ်ခေါက်ဆွဲ”သည် ဒေသအစားအစာအဖြစ် ကျော်ကြားလှပေသည်။
    “ညောင်ဦးကမ်းပါးပြိုသောကြောင့် စမ္ပာနဂိုရ်ကနွားမပေါင်ကျိုးရသည်” ဟူသည်  မဆီမဆိုင် သောဖြစ်ရပ်တို့ကို ခိုင်းနှိုင်းကြသော မြန်မာစကားပုံဖြစ်သည်။ တကယ်တော့ ပုဂံညောင်ဦးနှင့် ဗန်းမော် သည် ဧရာဝတီမြစ်ဘေးမှ မြို့များဖြစ်သော်လည်း အဝေးကြီးဖြစ်၏။ ထို့ကြောင့် စကားပုံပါ “စမ္ပာနဂိုရ်” အရပ်သည် ဤဗန်းမော်အရပ်ပင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ 
လွယ်ဂျယ်- မိုးမောက်လမ်း
    ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် စာရေးသူသည် လွယ်ဂျယ်မြို့နယ်ရုံးတွင် မြို့နယ်ခွဲတာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ဗန်းမော်နှင့် လွယ်ဂျယ် ၅၆ မိုင် ၄ ဖာလုံ ဝေးသည်။ ဗန်းမော်နှင့် မိုးမောက် ၉ မိုင် ကွာဝေးပါသည်။ မိုးမောက်တွင် လမ်းခွဲရှိသည်။ မြောက်ဖက်သို့ သွားလျှင် ဒေါ့ဖုန်းယန်၊ အရှေ့ဖက်သို့သွားလျှင် လွယ်ဂျယ်။
    နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါလှသည့် “လွယ်ဂျယ်-မိုးမောက်လမ်း” ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျောက်လမ်းခင်းခြင်း ပြီးစီးပါသည်။ ဒေသခံများက ပြောင်းဖူးစေ့လမ်းဟု ခေါ်ဝေါ်ကြ ၏။ ကျောက်များကို ဖြတ်တောက်ပြီး အကြားအလပ်မရှိ ညီညာစွာခင်းထားသည်။ ကတ္တရာမပါသော် လည်း လမ်းသားသည် လှုပ်ရှားမှုမရှိ၊ ကောင်းမွန်လှပါသည်။
    ဤလမ်းပိုင်းတွင် ၁၉၉၇-၁၉၉၈ ခုနှစ်က နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျောက်စခန်း-လော့ဒန် - လွယ်ဂျယ်လမ်း ၈ မိုင်အား ပြုပြင်ပေးခဲ့ပါသည်။ ထို့အပြင် မိုးမောက်မြို့အနီး ဤလမ်းပိုင်း ပေါ်ရှိ ကျလိချောင်းကို ဖြတ်ကူးရသော “နမ့်ကျရီ” ကွန်ကရစ်တံတားအား နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၂၀၀ သန်းဖြင့် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးခဲ့ပါသည်။ ဒေသခံ များ ပျော်ရွှင်မှုကား အတိုင်းထက်အလွန် ဖြစ်ခဲ့မည်မှာ ဧကန်ပင်။
စိန်လုံကဘာ
    မိုးမောက်မှ ကျောက်စခန်းကျော်သည်နှင့် တောင်တက်လမ်းစပါသည်။ တောင်တက်လမ်း အတိုင်း ၂၃ မိုင်ခန့်အကွာတွင်  စိန်လုံကဘာရွာလေး တည်ရှိပါသည်။ စိန်လုံသည် ပေ ၆၀၅၀ အမြင့် တောင်ထိပ်တွင် တည်ရှိသောရွာလေးဖြစ်၏။ စိန်လုံဒေသကိုရောက်သည်နှင့် ရာသီဥတုက အပူမှ အအေးသို့ ရုတ်ချည်းပြောင်းလဲသွားသည်။ မှိုင်းဝေအုံ့ဆိုင်းနေသော နှင်းပင်လယ်တို့ တအိအိပြိုကျ ဖုံးအုပ်ထားသောတောင်ထိပ်သည် အေးမြမြရှိချေ၏။ 
    ယခင်က ဗန်းမော်မြို့နယ်ဝင်ဖြစ်ပြီး ၁၉၀၃ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခဲ့သော စိန်လုံသည် ကချင်တောင်တန်းများရှိ စော်ဘွားများအား ကြီးကြပ်အုပ်ချုပ်ရသော တောင်တန်းဝန်ထောက် ရုံးစိုက်ရာအရပ်ဖြစ်ခဲ့သည်။ စိန်လုံကဘာ၏ တောင်စွယ်တောင်တန်းများက နယ်စပ်မျဉ်းများကို စိုးမိုးနိုင်သော ပထဝီအနေအထားနှင့် မေမြို့ထက်ပိုအေးကာ နှင်းများလွှမ်းနေတတ်သော ရာသီဥတု ကြောင့် အင်္ဂလိပ်အစိုးရအတွက် ဆွဲဆောင်မှုကောင်းသော နေရာလေး ဖြစ်ခဲ့ပေလိမ့်မည်။
    ဤစိန်လုံကဘာ ရွာလေးသည် စစ်တက္ကသိုလ် (ပြင်ဦးလွင်) ၏ ပထမဆုံး ကျောင်းအုပ်ကြီး ကချင်အမျိုးသား ဗိုလ်မှူးကြီးသီရိပျံချီ အယ်လ်ခွန်နောင် မွေးဖွားရာဇာတိရပ်မြေလည်းဖြစ်သည်။ 
    နိုင်ငံ‌တော်သည် စိန်လုံကျေးရွာလေးအတွက် ၂၀၁၃- ၂၀၁၄ တွင် ရုပ်သံလွှင့်စက်ရုံ တည်ဆောက် ပေးခဲ့သည်။ စိန်လုံဒေသခံများ ရုပ်မြင်သံကြားမှတဆင့် တစ်နိုင်ငံလုံးကို တွေ့မြင်နိုင်ခဲ့ပေပြီ။ စိန်လုံတောင်ပေါ်တွင် ထူးခြားသော ရေထွက်တစ်ခုရှိသည်။ ထိုသောက်သုံးရေသည် PH Level Standard အပြည့်ရှိသည်ဟု ဆိုပါသည်။ စိန်လုံကျေးရွာ ‌ရေအလွယ်တကူ သုံးစွဲနိုင်ရေး အတွက်  သဘာဝအရင်းအမြစ်မှ ကျေးရွာစိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းများအား ၂၀၁၇- ၂၀၁၈ တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၃၁၅ ဒသမ ၅၈၅ သန်းဖြင့် အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ပါ သည်။ စိန်လုံဒေသခံတို့ ရေကြည်ရေသန့်ကို လုံလောက်စွာရရှိခဲ့လေပြီ။
    စိန်လုံမှ ဆက်ထွက်လျှင် “ယောယုံ” ကိုရောက်မည်။
    ယောယုံသည် တရုတ်နယ်စပ်အနီး လွယ်ဂျယ်ဒေသကို စိုးမိုးနေသော တောင်ကြောကြီး အစွန်ရှိ တောင်၏ အမည်ဖြစ်သည်။
        ဝထကလသ
        (နတလ)

Post Paragraph