အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် ချင်းပြည်နယ်အတွင်း ဘေလီတံတားများတည်ဆောက်

နေပြည်တော် ဇွန် ၂၈

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းအရ စတုတ္ထအကြိမ် အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် ချင်းပြည်နယ်အတွင်း ဘေလီတံတားများ တည်ဆောက်လျက်ရှိရာ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ရာလ်လောင်-ကမ်းပါးနီလမ်းပေါ်တွင် တည်ဆောက်လျက်ရှိသော (၁၃၀ x ၁၄)ပေ နှစ်လွှာတစ်ထပ် သံပေါင်ဘေလီ တံတားတစ်စင်းနှင့် (၁၈၀ x ၁၄) ပေ နှစ်လွှာတစ်ထပ် သံပေါင်ဘေလီ တံတားတစ်စင်း တည်ဆောက်နေမှုတို့ကို ယမန်နေ့က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမင်းအုန်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ တံတားနှစ်စင်းအနက် (၁၃၀ x ၁၄)ပေ နှစ်လွှာတစ်ထပ် ဘေလီ တံတားမှာ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးခဲ့ပြီး (၁၈၀ x ၁၄)ပေ နှစ်လွှာ တစ်ထပ် ဘေလီတံတားသည် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ဆောင်ရွက်ပြီးစီးရန် ကျန်ရှိသော (၁၈၀ x ၁၄)ပေ နှစ်လွှာ တစ်ထပ် ဘေလီတံတား တည်ဆောက် ပြီးစီးပါက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့၏ ကုန်စည်စီးဆင်းမှု ပိုမို လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်မည့် လုံပီး-ဝုတ်တလုတ်-ရာလ်လောင်-ကမ်းပါးနီလမ်း ဖောက်လုပ်မှုကို အထောက်အပံ့ဖြစ်မည် ဖြစ်ပြီး ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝ တိုးတက်ရေးတို့ကို များစွာ အထောက် အကူပြုမည်ဖြစ်သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် အိန္ဒိယနိုင်ငံနှင့်ပူးပေါင်း၍ နှစ်နိုင်ငံနယ်နိမိတ်ထိစပ်နေသော နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ချင်း ပြည်နယ်တို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ စီမံကိန်းစတင်ချိန်မှ ယခုစတုတ္ထ အကြိမ် အထောက်အပံ့အထိ ချင်း ပြည်နယ်အတွင်း မြေလမ်း ၁၀၈ မိုင်၊ တံတား ၃၃ စင်း၊ ကွန်ကရစ်ရေပြွန်၂၀၄ စင်း၊ ကျောက်စီမြေထိန်းနံရံ ငါးခု၊ စာသင်ကျောင်း ၂၁ ကျောင်း၊ ကျန်းမာ ရေးအဆောက်အအုံ ကိုးခု၊ ရုံး အဆောက်အအုံ တစ်ခုနှင့် မြို့နယ် ခန်းမ တစ်ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ငွေကြယ်