အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသော အမျိုးသမီးငယ် ၃၂၅၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့

ပခုက္ကူ  အောက်တိုဘာ ၁၄ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးများ အတွက် အဆင့်မြင့်စက်ချုပ်ပညာ သင်တန်းများအပြင် အခြေခံလက်မှုပညာသင်တန်း၊ မု့န်လုပ်နည်း သင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့အထိအမျိုးသမီးငယ်သင်တန်းသူ ၃၂၅၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါကျောင်းထံက သိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့်မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာရပ်များ ဖွင့်လှစ်သင်ကြားပေးခြင်း ကြောင့် ကျေးလက်ဒေသအမျိုးသမီးများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ကာ မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် လက်တွေ့ကျကျပါဝင်ဆောင်ရွက်နိုင်ရေး၊ ကျေးလက်နေ ပြည်သူများ၏အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေး၊ တစ်ဦးချင်းဝင်ငွေတိုးပွားခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေး၊ တတ်မြောက်ထားသောအတတ်ပညာများကို မှန်ကန်စွာအသုံးချ၍ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ သမာအာဇီဝကျစွာ ရှာဖွေနိုင်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် အဆင့်မြင့်စက်ချုပ်ပညာသင်တန်းများအပြင် အခြေခံလက်မှုပညာသင်တန်း၊ မု့န်လုပ်နည်းသင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်းများကို အခေါ်အဝေါ်၊ အကိုင်အတွယ်၊ အတွက်အချက်များမှ စတင်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ဆွဲတတ်၊ ချုပ်တတ်သော အဆင့်ရောက်သည်အထိ ကျေးလက်ဒေသမှ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသော အမျိုသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့၊ လက်တွေ့စနစ်တကျသင်ကြားပေးလျက်ရှိပြီး သင်တန်းပြီးဆုံးပါက တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များ အရစ်ကျရောင်းချပေးခြင်း၊ သင်တန်းထူးချွန်ဆုရရှိသူများအား အပ်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်တစ်လုံးစီ ဆုချီးမြှင့် ပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းတွင်းသင်တန်းများအပြင် ပြင်ပအသိပညာ ဗဟုသုတများတိုးပွားရရှိစေရန် လူကုန်မှုတားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် တားဆီး ကာကွယ်ရေး၊ သတင်းအမှားအမှန် ခွဲခြားနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြားခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ပြောပြသည်။

          အဆိုပါသင်တန်းကျောင်းတွင် ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အခြေခံအိမ်တွင်းမှု သင်တန်းတက်ရောက်ပြီးသူ ၁၉၅၄ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းတက်ရောက် ပြီးသူ၇၆၀ဦး၊ ကြိမ်/ဝါးသင်တန်းတက်ရောက်ပြီးသူတစ်ဦး၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်း တက်ရောက်ပြီးသူ ၃၇၅ ဦး၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတက်ရောက်ပြီးသူ ၁၆၅ ဦး၊ စုစုပေါင်းသင်တန်းသူ ၃၂၅၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။