နေပြည်တော် မေ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍အမှာ စကားပြောကြားသည်။
ဦးစွာ သီလဝါအထူးစီးပွားရေးဇုန် ဖြစ်ပေါ် တိုးတက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးရဲနိုင်ထွန်းက ရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက သီလဝါအထူးစီးပွားရေးဇုန် လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံရသော အခက်အခဲများအပေါ် နိုင်ငံတော်ကဖြေရှင်း ဆောင်ရွက်ပေးမှု အခြေအနေများ၊ လုပ်ငန်း ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံဆောင်ရွက် နေမှုများအား ရှင်းလင်းတင်ပြကြသည်။
ငွေကြေးမူဝါဒတို့နှင့်အညီ ဆောင်ရွက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တင်ပြချက်များအပေါ် လိုအပ်သည့်အချက်များအလိုက် ပြန်လည်ရှင်းလင်း ညှိနှိုင်းပြီးနောက် အမှာစကားပြောကြားရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာနိုင်ငံ အစိုးရနှင့် ဂျပန်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထူထောင်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်သည် ၈ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၂ ဘီလီယံရှိပြီး မြန်မာ ကုမ္ပဏီ ၉ ခု မြန်မာအစု ရှယ်ယာရှင် ၁၇၀၀၀ ကျော်နှင့် ဂျပန်ကုမ္ပဏီ ၃ ခုတို့မှ ပါဝင်ပူးပေါင်း၍ မြန်မာနိုင်ငံ အစိုးရမှ ၁၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသား ကုမ္ပဏီမှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံအစိုးရမှ ၁၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီမှ ၃၉ ရာခိုင်နှုန်း အသီးသီး အချိုးကျ ထည့်ဝင်ဆောင်ရွက်ရသည့် အထူးစီးပွားရေး ဇုန်ကြီးတစ်ခုဖြစ်ကြောင်း၊ လုပ်နည်းပိုင်းဆိုင်ရာ အရနှင့် သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ပိုင်ခွင့်ရမြေ ၅၀၀၀ ကျော်ဧကတွင် ခွင့်ပြုရောင်းချပြီး မြေနေရာများအားလုံးအနက် ကျန်ရှိမြေနေရာများနှင့် လုပ်ငန်းအမြန် အကောင်အထည်ဖော်နိုင်ရန် စီမံခန့်ခွဲမှု ကော်မတီကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ အထူးစီးပွား ရေးဇုန် အဆင့်လိုက်စီမံကိန်းများ ပြီးစီးပါကအလုပ်အကိုင် အခွင့်အလမ်း လက်ရှိ ၁၃၃၀၀ ကျော်မှ ၃ သိန်း ကျော် ခန့်ဖော်ဆောင်ပေးနိုင်မည်ဖြစ်၍ စနစ်တကျ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက် ရန်လိုကြောင်း၊ ဇုန်နေရာအလိုက် သတ်မှတ်ပေးထားသော ကုန်ကြမ်းကုန်ချောပစ္စည်းများ မှန်မှန် ကန်ကန် တင်သွင်းခြင်း၊ တင်ပို့ခြင်းရှိမရှိ စစ်ဆေးနိုင်ရန် X- Ray Machine များ တပ်ဆင် စစ်ဆေး ကြပ်မတ်ရန် လိုအပ်ကြောင်း၊ အထူးစီးပွားရေးဇုန် ငွေကြေးသုံးစွဲ လည်ပတ်မှုနှင့် ပတ်သက်၍ အထူးစီးပွားရေးဇုန် ဥပဒေ ၂၀၁၄ ၊ ဗဟိုဘဏ်၏နောက်ဆုံးထုတ်ပြန် ထားသည့် ၃-၄-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၂/၂၀၂၂ပါ ငွေကြေးမူဝါဒတို့နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ နောင်လာမည့်ရင်းနှီး မြှုပ်နှံသူများ ယုံကြည်မှုရှိစေရန်အတွက်လည်း ငွေကြေးမူဝါဒ ခိုင်မာမှုရှိကြောင်း သိရှိနိုင်ရေး လုပ်ဆောင်ရန်လိုကြောင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ပိုမိုစိတ်ဝင်စားစေရန်လည်း Myanmar Japan Thilawer Development (MJTD) မှ Bro-chure များ၊ Media များ၊ Website များမှယခုထက် ပိုမိုဆွဲဆောင်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့် စိန်တစ်လုံးသရက်နှင့် ထောပတ်ပဲကဲ့သို့ သီးနှံများကို ဇုန်အတွင်း၌ CAN စနစ်ဖြင့် ပြုပြင် ထုတ်လုပ်နိုင်ရေး စိတ်ဝင်စားမှုရှိသည့် ကုမ္ပဏီများကိုလည်း အမြန်ဆုံးဖြစ်မြောက်စေရေး လိုအပ်သည်များကို ကူညီဆောင်ရွက် လမ်းညွှန်ပေးရန် လိုကြောင်း၊ သို့မှသာ စိန်တစ်လုံးသရက်သီးနှင့် ထောပတ်ပဲစိုက်ပျိုးသူများအတွက် ဈေးကွက် အနှိမ်ခံရမှုမှ လွတ်ကင်းမည့် အကျိုးရှိစေနိုင်မည်ဖြစ်၍ အမြန်ဆုံးအကောင်အထည်ဖော် နိုင်ရေး စီမံကြရမည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် သုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို Gas မှ LNG ကဲ့သို့နိုင်ငံခြားငွေဖြင့်ဝယ်ယူသုံးစွဲမှုကို အစားထိုးနိုင်ရေး ဆိုလာနှင့် လေအားလျှပ်စစ် ထုတ်ယူနိုင်မှုကို ကုမ္ပဏီတစ်ခုချင်း သို့မဟုတ် ဇုန်အလိုက် ထုတ်လုပ်နိုင်ပါက နိုင်ငံတော်နှင့် ပုဂ္ဂလိကကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်သလိုနိုင်ငံတော်အတွက် လည်း အခြားလျှပ်စစ်ဓာတ်အား လိုအပ်သည့်နေရာများကို ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအပြင်နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ မဆုံးရှုံးစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဖိတ်ခေါ်သွားရန်လည်းလိုကြောင်း၊ နိုင်ငံတော်၏ ပထမဆုံးနှင့် အောင်မြင်မှုအရှိဆုံး စံပြအထူး စီးပွားရေးဇုန်ဖြစ်ရန် ယခုထက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်းဖြင့် ပြောကြား သည်။
ဆက်လက်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် သီလဝါအထူးစီးပွားရေးဇုန်မှ ထုတ်လုပ်သော ကုန်ပစ္စည်းများအား လှည့်လည် ကြည့်ရှုကြပြီး သီလဝါအထူးစီးပွားရေးဇုန် ဧည့်ခန်းမဆောင်၌ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ လျှပ်စစ်ကေဘယ်များ ထုတ်လုပ်သည့် L S- GaonCable Myanmar စက်ရုံနှင့် ဓာတ်မြေဩဇာ ထုတ်လုပ်သည့် စီ.ပီ ဆင်ဖြူတော် စက်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြပြီး သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၉၄ ခု လာရောက်ရင်းနှီး မြှုပ်နှံခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလ၌ ၈၉ ခု ယာယီရပ်ဆိုင်း ခဲ့ရာမှ လုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှု ကော်မတီတို့၏ စည်းရုံးဆောင်ရွက်ခဲ့မှုကြောင့် ကုမ္ပဏီစုစုပေါင်း၈၂ ခုမှ လုပ်ငန်းလည်ပတ် ရပြီး ကျန်ရှိကုမ္ပဏီများ အနေဖြင့်လည်း မကြာမီ ပြန်လည် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်