ဘိုကလေး ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ဦးဆောင်၍ “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၅ ရက်က ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးနိုင်းလိန်းဟုန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မင်း၊ ဘိုကလေးကုတင်(၁၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းထွန်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးရဲနိုင်၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးတင်ကိုကို၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့် နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းဇာနည်တို့က မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါး၏ အုပ်စုများ၊ မူးယစ်ဆေးဝါးကြောင့် လူညွန့်တုံးခဲ့ရသည့် ဖြစ်ရပ်များ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်၏ သားကောင်များ မဖြစ်ပွားစေရေး ရှောင်ကျဉ်ရမည့်ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် ပတ်သတ်သော ဥပဒေများ၊ ပြစ်မှုူ၊ ပြစ်ဒဏ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စကားဝိုင်း တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များအား မေးမြန်းရာ ဦးဆောင်ဆွေးနွေးကြသူများကပြန်လည်ရှင်းလင်း ဖြေကြားပေးကြသည်။
စကားဝိုင်းအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် မူးယစ်ဆေးဝါးနှင့် ပတ်သတ်သည့် အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။