ဘဝကိုအလှဆင် ဒေသကိုလည်း အကျိုးပြု ဒို့အိမ်တွင်းမှု

မြင့်စိုး(နတလ) နယ်စပ်ဒေသနေ တိုင်းရင်းသူလေးများ တစ်ဘက်နိုင်ငံများသို့ သွားရောက်၍ အလုပ် ရှာဖွေလုပ်ကိုင်နေရခြင်းများကို ကာကွယ်တားဆီးပြီး ကိုယ်ပိုင်ဘဝရပ်တည်နိုင်ရေး ရည်ရွယ်လျက် အခြေခံစက်ချုပ်၊ မုန့်လုပ်နည်းပညာများဖြင့် စတင်ဖွင့်လှစ်ခဲ့သော အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းများ၊ ထိုမှ ကမ္ဘာ့နိုင်ငံအသီးသီးက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာရပ်များကို ပထမတန်းစားပညာရပ်အဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ သင်ကြားပို့ချပေးလာသည်နှင့် အညီ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် မိမိတို့ ဖွင့်လှစ်ထားသော အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများမှ သင်တန်းသူလေးများအား အဆင့်မြင့်နည်းပညာများ သင်ကြားပို့ချပေးလာသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရ၏။
ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း
    ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်းကို ၂၀၁၄ခုနှစ် ဩဂုတ်လမှ စတင် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်သည်။ မိမိတို့ ဝန်ကြီးဌာန၏ ဗဟိုလေ့ကျင့်ရေးကျောင်းကို ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) အမှတ် ၅၁ ရပ်ကွက်တွင် ဖွင့်လှစ်ထားရာ အဆိုပါ သင်တန်းကို ယင်းသင်တန်းကျောင်း၌ သင်ကြားပို့ချပေးခြင်းဖြစ်သည်။ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် အခြေခံစက်ချုပ်သင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း အောင်မြင်ပြီးသူ နယ်စပ်ဒေသမှ တိုင်းရင်းသူလေးများအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများ၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်၏။ သင်တန်းအမှတ်စဉ်(၂၅)ထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ သင်တန်းဆင်းပြီးတိုင်းရင်းသူအရေအတွက်မှာ(၂၉၄၀)ဦး ဖြစ်သည်။
    ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်းဆင်းပြီးသူများအား အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် ညှိနှိုင်းပြီး အထည်ချုပ်စက်ရုံများတွင်  ကျွမ်းကျင်ဝန်ထမ်းများအဖြစ် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးတို့ကို ဖန်တီးဖော်ဆောင်ပေးခဲ့သည်။ သင်တန်းဆင်းပြီးသူများထဲမှ တိုင်းရင်းသူ(၂၈၄၈)ဦးသည် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ(၂၉)ခု၌ ကျွမ်းကျင်ဝန်ထမ်းများအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြပြီဖြစ်သည်။
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ
    နယ်စပ်ရေးရာဝန်ကြီးဌာနက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကျွမ်းကျင်ပညာရှင်များအသင်း(MHPA)၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့နှင့် ညှိနှိုင်းကာ ယင်းသင်တန်းများကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ အတွင်း၌ ၂ နေရာခွဲ၍ သင်ကြားပို့ချ ပေးခဲ့သည်။ ပခုက္ကူနှင့်ပုသိမ်အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းများတွင် ဖြစ်၏။  ဧည့်ကြိုဝန်ဆောင်မှု၊ ဟိုတယ်အိပ်ဆောင်များခင်းကျင်းပြင်ဆင်မှု၊ အစားအသောက်နှင့် အဖျော်ယမကာဝန်ဆောင်မှု  သင်တန်းများကို စာတွေ့ ၃ လ၊ လက်တွေ့ ၃ လ စုစုပေါင်း ၆ လ တက်ရောက်ရပါသည်။ဖော်ပြပါ အိမ်တွင်းမှုသင်တန်းကျောင်းများတွင် စာတွေ့သင်တန်းများပို့ချပေးပြီးနောက် လက်တွေ့သင်တန်း များအား ပခုက္ကူသင်တန်းကျောင်းအတွက် ပုဂံဟိုတယ်ဇုံမှ ဟိုတယ်များတွင် လည်ကောင်း၊ ပုသိမ်သင်တန်းကျောင်း အတွက် ငွေဆောင်ဟိုတယ်ဇုံမှ ဟိုတယ်များတွင်လည်ကောင်း လျာထားသတ်မှတ်၍ သင်ကြား လေ့ကျင့်ပေးခဲ့သည်။
    နည်းပြ၊ နေရာထိုင်ခင်းနှင့် အခြားကန့်သတ်ချက် အချို့ကြောင့်သင်တန်းတစ်ကြိမ်လျှင် ၇၅ ဦးသာ လက်ခံသင်ကြားပေးခဲ့ရာ ပခုက္ကူသင်တန်းကျောင်းတွင် ကျား၊ မ တက်ခွင့်ရခဲ့ပြီး ပုသိမ်တွင် မိန်းကလေးများကိုသာ လက်ခံသင်ကြားပေးခဲ့သည်။စုစုပေါင်းသင်တန်း ၅ ကြိမ်စီဖွင့်လှစ်ခဲ့ပြီး၊ သင်တန်း သားအနေဖြင့် ကျား ၁၈၀ဦး၊ မ ၅၇၀ဦး စုစုပေါင်း ၇၅၀ဦး တက်ရောက်အောင်မြင်ကာ ဟိုတယ်အသီးသီးတွင် ကျား ၁၀၉ဦး၊ မ ၃၃၇ဦး၊ စုစုပေါင်း ၄၄၆ဦး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိသွားကြပြီဖြစ်သည်။ သင်တန်းအမှတ်စဉ် (၅)အထိ ဖွင့်လှစ်ပြီးနောက် လက်ရှိကြုံတွေ့ နေရသော ကိုဗစ် ၁၉ ကပ်ရောဂါအခြေအနေကြောင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို ၂၀၂၀ပြည့်နှစ် မတ်လမှစ၍ ခေတ္တရပ်နားထားကြောင်း သိရှိရပါသည်။ အဆိုပါ သင်တန်းများတွင် ခေတ်မီမော်တာ အထည်ချုပ်သင်တန်းများကဲ့သို့ပင် တက်ရောက်သူ သင်တန်းသား/သင်တန်းသူများအတွက် အကျိုး ကျေးဇူးများပြားကြောင်းတွေ့ရမည်ဖြစ်သည်။
အိမ်တွင်းမှုသင်တန်းကျောင်းများ ဘယ်ကစ
    နယ်စပ်ရေးရာဝန်ကြီးဌာနဟူ၍ မဖြစ်သေးသော နယ်စပ်/စည်ပင်ဝန်ကြီးဌာနဟု အတို ကောက်ခေါ်နေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင် သာယာရေးဝန်ကြီးဌာနပင် မဖွဲ့ရသေးသော ၁၉၉၂ခုနှစ် မတ်လ ၁၆ ရက်နေ့၌ တာချီလိတ် အိမ်တွင်းမှုသင်တန်းကျောင်းကိုလည်းကောင်း၊ ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက်နေ့၌ ကော့သောင်း အိမ်တွင်းမှုသင်တန်းကျောင်းကိုလည်းကောင်း နတလလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် စတင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံစက်ချုပ် သင်တန်း၊ သိုးမွေးထိုးသင်တန်း၊ ဇာထိုးပန်းထိုးသင်တန်း၊ ရွှေချည်ထိုးငွေချည်ထိုးသင်တန်း၊အချက် အပြုတ်နှင့် မုန့်လုပ်နည်းသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။ ပညာရေးဝန်ကြီးဌာနအောက်ရှိ စက်မှု စိုက်ပျိုးနှင့် အိမ်တွင်းသက်မွေးပညာဦးစီးဌာနမှ ဆရာမကြီးများက အလှည့်ကျ သွားရောက် တာဝန် ထမ်းဆောင်ကြရသည်။ “စက်၊ စိုက်၊ သက်” ဟု အတိုကောက်ခေါ်ကြသည်။ 
    ထို့နောက်တွင်မှ ကော့သောင်းအမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ ကျောင်းအုပ်အဖြစ် ဒေါ်ခင်လှရီ(ကွယ်လွန်)၊ ဒေါ်ရင်သောင်း(ရန်ကုန်ဒီဂရီကောလိပ်၊ ကွယ်လွန်)တို့က လည်းကောင်း၊ တာချီလိတ်ကျောင်းအုပ်အဖြစ် ဒေါ်နုနုကြည်(ညွှန်မှူး(ငြိမ်း) နေပြည်တော်စည်ပင်)၊ ဒေါ်ခင်မာချို (ယခု လ/ထညွှန်မှူး၊ဗဟိုလေ့ကျင့်ရေးကျောင်း)တို့ကလည်းကောင်း ထမ်းဆောင်ခဲ့ကြသည်။၁၉၉၂ခုနှစ် အတွင်းမှာပင် ကျိုင်းတုံ၊ လားရှိုးနှင့် မြိတ်မြို့များ၌ အိမ်တွင်းမှုကျောင်းများ ဆက်လက်ဖွင့်လှစ်ပေးခဲ့သည်။ ကျိုင်းတုံသင်တန်းကျောင်း၏ ပထမဆုံးကျောင်းအုပ်မှာ ဒေါ်သန်းသန်းလွင်(ဒု-ညွှန်မှူး(ငြိမ်း) ပညာ/လေ့ကျင့်)ဖြစ်သည်။၁၉၉၄ခုနှစ်တွင် ပေါ်ပေါက်လာသော နယ်စပ်/စည်ပင်ဝန်ကြီးဌာနနှင့် လက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနတို့က သင်တန်းကျောင်းများ ဆက်တိုက်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့အချိန်တွင်
နိုင်ငံတစ်ဝှမ်း ၄၆ ကျောင်း ဖွင့်လှစ်ပြီးဖြစ်သည်။

ရည်ရွယ်ချက်များ
    အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များ ထားရှိဖွင့်လှစ်ခဲ့သည်-
    (က)    ပြည်ထောင်စုတိုင်းရင်းသူလေးများသည် ပညာရှာမှီးရင်း တိုင်းရင်းသူ အချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓါတ်ခိုင်မြဲသည့် တိုင်းရင်းသူလေးများ ဖြစ်လာစေရန်၊၊
    (ခ )    နယ်စပ်ဒေသနှင့် ဆင်းရဲနွမ်းပါးသောဒေသများရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှု သက်မွေးပညာရပ်များ သင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်၊၊ 
    (ဂ )    တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ် အစဉ်ရှင်သန်ထက်မြက်နေသည့် အမျိုးသမီးလေးများ ဖြစ်လာစေရန်၊၊
    (ဃ)    အိမ်တွင်းမှုပညာရပ်များ သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး စားဝတ်နေရေးဘက်စုံတိုးတက်၍ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊၊
    (င )    အမျိုးဂုဏ်၊ ဇာတိဂုဏ်စောင့်ထိန်းပြီး အကျင့်စာရိတ္တကောင်းမွန်သည့် အမျိုးသမီးလေးများ ဖြစ်လာစေရန်။
သင်တန်းကာလနှင့် အမျိုးအစားများ
    အသက် ၁၆ နှစ်နှင့် ၃၀ နှစ်အကြား ကျန်းမာရေးကောင်းသူ၊ အရေးအဖတ်တတ်မြောက်၍ အိမ်တွင်းမှုပညာရပ်များကို စိတ်ပါဝင်စားသူ ဖြစ်ရပါမည်။ တစ်နှစ်လျှင် သင်တန်း ၂ ကြိမ် လျာထား၍ တစ်ကြိမ်လျှင် ရက်သတ္တ ၁၈ပတ်ကြာမြင့်ပါမည်။သင်တန်းအမျိုးအစားများမှာ  အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ သိုးမွေးစက်ဆွဲသင်တန်း၊ ကနုကမာကျောက်စီပန်းချီသင်တန်း၊ အခြေခံလက်ရက်ကန်း သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အိမ်တွင်းလက်မှုသင်တန်း(ကြိမ်/ဝါး)စသည်တို့နှင့် အထက်တွင် တင်ပြခဲ့သော ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ ဖြစ်ပါသည်။အဆင့်မြင့်အိမ်တွင်းမှုသက်မွေးပညာရပ်များကို သင်တန်းကျောင်းများတွင် ကျွမ်းကျင်စွာ ပြန်လည်ပို့ချနိုင်ရန်အတွက် သင်တန်းကျောင်းအုပ်များ၊ ဒု-ကျောင်းအုပ်များ၊ နည်းပြများကိုယ်တိုင် ဗဟိုလေ့ကျင့်ရေးကျောင်းတွင် မွမ်းမံသင်တန်းများတက်ရောက်စေခဲ့ပါသည်။
ဘဝကိုအလှဆင် ဒေသကိုအကျိုးပြု
    အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ စတင်ဖွင့်လှစ်သည့် ၁၉၉၂ခုနှစ်မှ ယနေ့ထိ သင်တန်းသူဦးရေစုစုပေါင်း (၉၁၉၅၆)ဦး လေ့ကျင့်သင်ကြားပေးပြီး ဖြစ်ပါသည်။ယင်းသို့ လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့် ရှောက်သော တိုင်းချစ်ပြည်ချစ်စိတ် မျိုးချစ်စိတ်တို့ဖြင့် မိမိတို့ အမျိုးသားယဉ်ကျေးမှုကို တန်ဖိုးထားလေးစားမြတ်နိုးတတ်သော အမျိုးကောင်းသားသမီးများစွာ ပေါ်ထွက်စေခဲ့သည်။နယ်စပ်ဒေသ အသီးသီးမှ အမျိုးသမီးငယ်များ၏ လူမှုဘဝကို မြင့်မားတိုးတက်စေခဲ့သည်။လက်မှုအတတ်ပညာများကို မိမိတို့ ဒေသအလိုက် လက်ဆင့်ကမ်း ပြန့်ပွားစေခဲ့သည်။ တစ်နည်းဆိုရသော် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းများသည် တိုင်းရင်းသူလေးများ၏ ဘဝကိုအလှဆင်ပေးသော၊ နယ်စပ်ဒေသ အသီးသီးကိုလည်း အကျိုးပြုနေသော သင်တန်းကျောင်းများဖြစ်သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသများတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ သက်မွေးဝမ်းကျောင်း ပညာရပ်များ(Vocational Training)ကို အလေးထားသင်ယူကြစေရေး၊ နယ်စပ်ဒေသများအပါအဝင် ပြည်နယ်/တိုင်းဒေသကြီးများ အတွင်းက ဆင်းရဲနွမ်းပါးသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင် ပေးနိုင်ရေးတို့အား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
 

Post Paragraph