စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ သီတဂူ စက္ခုဒါန ဆေးရုံဖွင့်ပွဲ ပြုလုပ်

မုံရွာ ဇူလိုင် ၁ ရက်


    စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၊ သီတဂူစက္ခုဒါန ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲ အခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံများ၏ အဓိပတိကျေးဇူးတော်ရှင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက၊ အဘိဓဇ အဂ္ဂမဟာ မင်္ဂလာဓမ္မဇောတိက (ရွှေကျင်နိကာယ သံဃရာဇာ) ဒေါက်တာ အရှင်ညာဏိဿရ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိ/မြိုဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ပါသည်။
    ရှေးဦးစွာ စက္ခုဒါနဆေးရုံဖွင်ပွဲအခမ်းအနား နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက ဆေးရုံ‌ဆောက်လုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။
    ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ အလှူရှင်ကိုယ်စားလှယ်တစ်ဦးနှင့် မြို့မိ/မြို့ဖ ဦးလှဖေ တို့က သီတဂူစက္ခုဒါန ဆေးရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
    ဆက်လက်၍ သီတဂူဆရာတော်ကြီးနှင့် မြို့မိ/မြို့ဖ ဦးလှဖေတို့မှ ကဗ္ဗည်းမော်ကွန်း ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ပါသည်။
    ယင်းနောက် သီတဂူဆရာတော်ကြီးက ဩဝါဒကထာ မြွက်ကြားခဲ့ပါသည်။ ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒေသခံတိုင်းရင်းသားပြည်သူများကိုယ်စား ဝမ်းမြောက်ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ သီတဂူ အဓိဌာန်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။
    ဆက်လက်၍ သီတဂူစက္ခူဒါန ဆေးရုံ ရေစက်ချမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ သီတဂူဆရာတော်ကြီးထံက ဧည့်ပရိတ်သတ်များမှ ငါးပါးသီလခံယူဆောက်တည်၍ အခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော်/သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဇယ်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက အလှူငွေများအား ဆေးရုံမှ တာဝန်ရှိသူထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
    ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် ဆရာတော်/သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သီတဂူဆရာတော်ကြီးထံမှ အနုမောဓနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) မြို့နယ်များနှင့် ခန္တီးမြို့နယ်တို့မှ လာရောက်ပြသကြသော မျက်စိဝေဒနာ ရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးခဲ့ကာ မျက်စိအထူးကုဆရာဝန်ကြီးများမှ အခမဲ့စမ်းသပ်၊ ခွဲစိတ်၊ ကုသ ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုခဲ့ပြီး သီတဂူ ဆရာတော်ကြီးအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်။
 

Post Paragraph
video-upload