ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

တောင်ကြီး ၊ ဇူလိုင်  ၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ ဟိုင်းနားကြီးကျေးရွာအုပ်စု၊ နောင်ငင်းကျေးရွာတွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၃ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးထံမှ သိရသည်။
    ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးနိုင်မှုကြောင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေ ၂၂ ဧကအတွက် ရာသီမရွေးစိုက်ပျိုးရေ လုံလောက်စွာရရှိစေနိုင်မည်ဖြစ်ပြီး ယခင်က စပါး၊ ပြောင်းတို့ကို မိုးရာသီကာလအတွင်းသာ စိုက်ပျိုးနိုင်ခဲ့ရာမှ ယခုအခါ ဆောင်းသီးနှံ၊ နွေသီးနှံများဖြစ်သည့် နွေစပါး၊ ပဲပုပ်၊ ကြက်သွန်၊ အာလူး၊ ဖရဲတို့ကိုပါ သီးထပ်သီးညှပ်အနေဖြင့် စိုက်ပျိုးနိုင်တော့မည် ဖြစ်ကြောင်း ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေများ တိုးတက်ရရှိလာကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနမှ ယခုကဲ့သို့ ရာသီမရွေး စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးနိုင်သောကြာင့် ဒေသခံပြည်သူလူထုအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပြီး အဆိုပါ လုပ်ငန်းများ ရေရှည်တည်တံ့စေရေးအတွက် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ရန် ကျေးရွာမှ တာဝန်ရှိသူများထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်အတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိစေရန်အတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
 

Post Paragraph