ပင်းတယ မေ ၁၀
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအေးကိုနှင့် တာဝန်ရှိသူများသည် မေ ၈ ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျေးရွာရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြို့နယ်ချင်းဆက် မြေသားလမ်းဖောက်လုပ်နေမှု၊ ကျေးရွာချင်းဆက် ကျောက်ချောလမ်း ခင်းနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရေရရှိရေးလုပ်ငန်းအနေဖြင့် ခွင့်ပြုရန်ပုံငွေကျပ် ၁၉၆ ဒသမ ၁၇၃ သန်းဖြင့် ပွေးလှမြို့အနီးမှ အဝီစိတွင်းတူး၍ အမြင့်တင်စနစ်ဖြင့် ဝါတရာဘုရားကုန်း ရေစုကန် ဂါလံ ၃၇၅၀၀ ဆံ့သို့ တွန်းပို့ပြီး ရှောက်ပင်၊ ဝါတရာ၊ မြေခြားတောင်နှင့် ရှားပြားကျေးရွာတို့သို့ ရေဖြန့်ဝေပေးမည်ဖြစ်ကြောင်းသိရသည်။