ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာ ၃၈ ရွာမှ လူဦးရေ ၂၇၉၃၉ ဦးတို့အား အကျိုးပြုစေမည့် လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြေလမ်း (၂/၆)မိုင်၊ ကျောက်လမ်း (၅/၁)မိုင်၊ အမာခံ လမ်း (၁/၂)မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း (၇/၂)မိုင်၊ ကွန်ကရစ်တံတားတစ်စင်း၊ Box Culvert ၂၃ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်း နှစ်ခု၊ မြေထိန်းနံရံလုပ်ငန်း တစ်ခု၊ ကျောက်စီရေမြောင်း လုပ်ငန်းတစ်ခုတို့ကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၃၀၁ ဒသမ ၁၂၉ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

   အဆိုပါလုပ်ငန်း ဆောင်ရွက်နေမှုများကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများက ဇန်နဝါရီလ ၂၅ ရက်တွင် ကွင်းဆင်းစစ်ဆေးကြပြီး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ လူဦးရေ ၂၇၉၃၉ ဦးတို့၏ လှုမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူများအတွက် လမ်းတံတား၊ ‌ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။

Post Paragraph