ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ကြည့်ရှုစစ်ဆေး

စက်တင်ဘာလ  ၇ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၄ ရက်နေ့ နေ့လည်ပိုင်းတွင် မိုင်းပန်မြို့၊ လွိုင်နွဲ့‌ကျေးရွာရှိ မိုက်ညုကမ္မဋ္ဌာန်း ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပြီး ကျောင်းတိုက်အတွင်း သီတင်းသုံးလျက်ရှိသော ကမ္မဌာနစရိယ ဆရာတော်များအား ဖူးမြော်၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ကျောင်းဝန်း အတွင်း သောက်သုံးရေရရှိရေးအတွက် အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်း၊ အရှည် ၂၈၀၀ ပေ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း၊ ၁၄၀ × ၇၀ ပေ ဓမ္မာရုံ တည်ဆောက်နေသည့် အခြေအနေတို့အား  လိုက်လံကြည့်ရှု စစ်ဆေးကာ  ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သော ကိစ္စရပ်များအား စီမံ‌ဆောင်ရွက်ပေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိုင်းပန်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိ၍ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်း‌ ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ကာ ရုံးဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် မိုင်းပန်မြို့ ကျက်သရေဆောင် မဟာတေဇာဓိပတိ စေတီတော်မြတ်ကြီးအား ဖူးမြော်၍ နယ်စပ်ရေးရာဝန်ကြီးဌာနက လှူဒါန်းဆောင်ရွက်ပေးလျက်ရှိသော  ဆေးသုတ်မွမ်းမံခြင်း၊ ရင်ပြင်တော် ကျောက်ပြားများ လဲလှယ်ခြင်းနှင့် ၆၀x၃၀ RC ၁ ထပ် ဘုန်းတော်ကြီးကျောင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးပြီး ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များအား မှာကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းပန်မြို့၊ မြစိမ်းတောင်စေတီတော်အား တက်ရောက်ဖူးမြော်ကြည်ညို၍ စေတီတော် ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ထို့နောက် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာရာ နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ရောက်ရှိ၍ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်း‌ ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ် ကာ ရုံးဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 
    ထို့နောက် မိုင်းတုံမြို့မှ ဆက်လက်ထွက်ခွာ၍ မိုင်းဆတ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက မိုင်းဆတ် ခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ‌ဆောင်ရွက်နေမှုအခြေအနေနှင့် သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများအားလည်းကောင်း၊ အိမ်တွင်းမှု သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအားလည်းကောင်း ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကျောင်းဝန်းအတွင်းရှိ စားရိပ်သာ၊ အိပ်ဆောင်နှင့် တည်ဆောက်ရေး လုပ်ငန်းများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Solar စနစ်ဖြင့် စိုက်ပျိုးရေတင် စီမံကိန်းလုပ်ငန်းများအနက် တစ်ခုဖြစ်သည့် ဟိုနားကျေးရွာ စိုက်ပျိုးရေတင်ခြင်းလုပ်ငန်း ဆောင်ရွက် မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ‌ဒေသခံတိုင်းရင်းသား တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကာ ရေပေးဝေနိုင်မည့် စိုက်ပျိုးမြေဧကများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ  ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိုင်းဆတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများအားတွေ့ဆုံ၊ ထောက်ပံ့ကာ ရုံးဝန်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါ သည်။ ထို့နောက် သဗ္ဗညုကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်၍ လှူဖွယ်ဝတ္ထုများနှင့် သဗ္ဗညု (မူလွန်) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် သင်ကြားလျက်ရှိသော ကျောင်းသား / ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ ကျောင်းဝတ်စုံများအား လှူဒါန်းထောက်ပံ့ပေးခဲ့ပြီး အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စေတနာ့ဝန်ထမ်းအဖြစ်သင်ကြားပေးလျက်ရှိကြသည့် ဆရာ/ ဆရာမများနှင့်  ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဆတ်မြို့မှ ထွက်ခွါ၍ လွယ်ပါရင်- မယ်ကြုတ် ကျောက်လမ်းပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ယောင်ခ- လွယ်ပါရင်လမ်း ဆက်လက်ပြုပြင် ဆောင်ရွက်ရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ ထို့နောက် တာချီလိတ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း သို့ ရောက်ရှိခဲ့ပြီး ကျောင်းခန်းမဆောင်၌ တာချီလိတ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးနှင့် အိမ်တွင်းမှု သင်တန်းကျောင်း ကျောင်းအုပ်တို့၏  ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားခဲ့ပြီး‌ ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝန်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ 
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် မိုင်းယောင်းမြို့၊ ဝမ်တပ် ကျေးရွာအုပ်စု၊ တာခွယ်ကျေးရွာတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် နမ့်ဝမ်ချောင်းမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေးလုပ်ငန်း (Pilot Project) ဖြင့်  သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးနိုင်မည့် အခြေအနေ၊ ရရှိလာသည့် ရေအရင်းအမြစ်ကို အသုံးပြု၍ ငါး နှင့် ဖား မွေးမြူရေးလုပ်ငန်းများ  ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများ၏ တင်ပြချက် များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံ တောင်သူများမှ များစွာစိတ်ဝင်စားလျက်ရှိပြီး အလားတူ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး တင်ပြ ခဲ့ကြကြောင်း သိရှိရပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တော်ဝင်မိုင်းယောင်း သမဝါယမအသင်းမှ တည်ဆောက်ပြီးစီးခဲ့သော တစ်နေ့ တန် ၃၀ ကျ ဆန်စက်အား လေ့လာကြည့်ရှုခဲ့ပြီး  မိုင်းယောင်း မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်၍ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်၍ ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များဖြည့်ဆည်း‌ ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်-ပါလျှိုးလမ်းပေါ်တွင် (၁၀/၀) မိုင် လမ်းတာချဲ့ခြင်း ဆောင်ရွက်မည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းနှင့်အညီ ပြီးစီးရေးနှင့် လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသော (၁၄/၀) မိုင်အား အပြီးသတ်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

 

 

 

Post Paragraph
video-upload