ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရှမ်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆက်လက် ကြည့်ရှုစစ်ဆေး

စက်တင်ဘာလ  ၉ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ လွယ်မွေကျေးရွာအုပ်စု၊ ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်တော် အတက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဗုဒ္ဓဥယျာဉ်အတွင်း ဆေးပေးခန်း  ဆောက်လုပ်နေမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြား ဖြည့်ဆည်းပေးခဲ့ပါသည်။ 
    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေ့လည်ပိုင်းတွင် လွယ်မွေမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ‌ရောက်ရှိပြီး ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ နှင့် တွေ့ဆုံအမှာစကားပြောကြား၍ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာ နှင့် အားကစား ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် အခြေခံပညာ အထက်တန်းကျောင်း (လွယ်မွေ)သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများအား တွေ့ဆုံ၍ ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများနှင့် အဆောက်အဦ လိုအပ်ချက်များ အပေါ်မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းအနေဖြင့် ကျောင်းသား/ ကျောင်းသူများ၏ ပညာရည်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှဝန်ထမ်းများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့မှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံပြီး ‌ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးမှ အုပ်ချုပ်မှုဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်း ကျောင်းအုပ်များမှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအားလည်းကောင်း  ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း၍ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ စာရေးကိရိယာများ၊ အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် သင်တန်းကျောင်းဝန်းများအတွင်း  လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသော ကျိုင်းတုံမြို့နယ်၊ နမ့်ခင်ချောင်း ဝဲ/ယာတွင် နေရောင်ခြည်သုံး ဆိုလာရေတင်စနစ်ဖြင့် ချောင်းရေတင်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။ ၎င်းနောက် မိုင်းခတ်မြို့၊ ဝမ်ခုတ်ကျေးရွာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သည့် နမ့်လွေချောင်းမှ ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေး လုပ်ငန်း (Pilot Project) ဖြင့် သီးထပ်သီးညှပ်များတိုးချဲ့ စိုက်ပျိုးနိုင်မည့် အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်းခတ်- မိုင်းညှင်းလမ်းပိုင်း ၂၂/၀ မိုင်အား ကြည့်ရှု စစ်ဆေးခဲ့ပြီး ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေ့လည်ပိုင်းတွင် မိုင်းခတ်မြို့နယ်၊ ဖာလံ‌ကော်ကျေးရွာအုပ်စု၊ တောင်သုံးလုံး ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသော ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေး လုပ်ငန်းအား သွားရောက်လေ့လာ ကြည့်ရှုပြီး တောင်သူများအား သီးထပ်သီးညှပ်များ စဉ်ဆက်မပြတ် စိုက်ပျိုး၍ လူမှုစီးပွားဘဝ တိုးတက်အောင် ဆောင်ရွက်ကြရေး တိုက်တွန်းအားပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၁ -၂၀၂၂(၆) လ ဘဏ္ဍာ‌ကာလ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ မက်ကျန်း- တုံကွမ်ရွာတွင်းလမ်း ၂၃၁၀ ပေ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့် နမ့်အောချောင်း ၂၅ ပေ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ ဒေသခံတိုင်းရင်းသားပြည်သူများက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က ဆန်နှင့် ဆီများ လှူဒါန်းထောက်ပံ့ခဲ့ကြပါသည်။ ဆက်လက်၍ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကတ်ထိုက်- လွယ်ပန်တောင်း- အင်ဂိုလုံလမ်း ၃၃မိုင် ၅ဖာလုံ ပေါ်တွင် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

video-upload