နေပြည်တော်၊ နိုဝင်ဘာလ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား အမေရိကန် အထက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီအဖွဲ့ဝင် Senator Jeff Merkley နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် (၁၁) နာရီခွဲအချိန်တွင် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သည့် နယ်စပ်ဒေသများအား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ပြည်တွင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေမှုကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့ခဲ့ကြသည့် ဒေသတွင်းနေ နှစ်ဖက်လူ့အဖွဲ့အစည်း များ၏ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များ၊ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အိမ်ရာများ လတ်တလော ဆောက်လုပ်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်၏ မြေပြင်ပကတိ အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိစေရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။